စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ကျောင်းဖြူကျေးရွာ ပတ်ဝန်းကျင်မှရရှိသော ရှေးဟောင်းရွှေထည်ပစ္စည်းများ အတွက် ထိုက်တန်စွာ ဆုကြေးချီးမြှင့်နိုင်ရန်စီစဉ်ဆောင်ရွက်

မုံရွာ၊ ဒီဇင်ဘာ ၁၆

 

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်တွင် ဒီဇင်ဘာ ၉ ရက်နေ့က ကျောင်းဖြူကျေးရွာ၏ အနောက်ဘက် ပေ(၁၀၀၀)ခန့် အကွာရှိ ချောင်းအတွင်း ချောင်းရေတိုက်စား၍ ကမ်းပါးပြိုကျထားသည့်နေရာတွင် ရှေးဟောင်းပစ္စည်းဟု ယူဆရသည့် အလေးချိန် တစ်ကျပ်သားခန့်ရှိ ရွှေထည်ပစ္စည်းတစ်ခုကို ၎င်းကျေးရွာမှ ဦးကျော်မိုးသည် ရေခပ်ရန် သွားရောက်စဉ် တွေ့ရှိရသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မင်းဝေ၊ တစ်ရွာတည်းနေသူများဖြစ်သည့် ဦးချစ်စန်းဦး၊ ဦးလှမင်းဦးတို့အား ပြောပြကာ ကျေးရွာသားအချို့နှင့်အတူ အဆိုပါနေရာသို့ ထပ်မံသွားရောက်၍ ရှာဖွေခဲ့ရာ  ချောင်းကမ်းစပ်ရှိရေထဲမှ အလေးချိန် ငါးမူးသားကျော် ခန့်ရှိ ရွှေထည်ပစ္စည်း(၃)ခု ထပ်မံတွေ့ရှိခဲ့သည်။

 

အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ရှေးဟောင်းရွှေထည်ပစ္စည်းများ တွေ့ရှိရာနေရာသို့ မြောင်မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန စစ်ကိုင်းဌာနခွဲမှ အရာထမ်း၊ အမှုထမ်းများ ပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ဒီဇင်ဘာ ၁၂ ရက်နေ့တွင်  ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံအချို့အား တွေ့ဆုံ၍ ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ရာ ရှေးဟောင်းပစ္စည်းများအား တရားမဝင်ရောင်းချခြင်းမပြုဘဲ နိုင်ငံတော်သို့အပ်နှံပါက ထိုက်တန်စွာ ဆုချီးမြှင့် ကြောင်းနှင့် မိမိတို့ဒေသ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

 

ထို့နောက် ဒေသခံများက ဒီဇင်ဘာ ၉ ရက်နေ့က တွေ့ရှိရသော ရှေးဟောင်းရွှေထည်ပစ္စည်းများ အပါအဝင် ရွှေထည် ပစ္စည်း(၆)ခုနှင့် ကြေးဟင်္သာအလေးတစ်ခုတို့ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီသို့အပ်နှံခဲ့ရာ တာဝန်ရှိသူများက အဆိုပါ ရှေးဟောင်း ရွှေထည်ပစ္စည်းများကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံ ပေးပို့ အပ်နှံခဲ့ရာ ဝန်ကြီးချုပ်က  ပစ္စည်းတွေ့ရှိသူ ဒေသခံများအတွက် ကြိုတင်ဆုကြေးငွေကျပ်(၅၁)သိန်းချီးမြှင့်ပေးခဲ့ပြီး ဝန်ကြီးချုပ်မှတစ်ဆင့် အဆိုပါပစ္စည်းများကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ ပေးပို့သွားမည်ဖြစ်ပြီး ဦးစီးဌာနရှိ ပညာရှင်အဖွဲ့က ပစ္စည်းအမျိုးစားနှင့် ခေတ်ကာလ သတ်မှတ်ချက်တို့ကို စစ်ဆေးပေးမည်ဖြစ် ကြောင်းနှင့် ဆက်လက်၍လည်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသို့ပေးပို့၍ အရည်အသွေးနှင့် အလေးချိန်တို့ကို စစ်ဆေးမည်ဖြစ်ကာ မူလရွှေထည်တန်ဖိုးအပြင် ခေတ်ကာလတန်ဖိုးနှင့် အနုစိတ်လက်ရာတို့ကို ဖြည့်စွက် ပေါင်းထည့်၍ ထိုက်တန်စွာ ဆုချီးမြှင့်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

 

ထွန်းကိုကို(တိုင်းဒေသကြီး-ပြန်/ဆက်)