ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၂၇၁၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်

ပွင့်ဖြူ ဇူလိုင် ၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၂၇၁၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီ၌ မြေပဲ ၃၆၁၉ ဧက စိုက်ပျိုးရန်လျာထားပြီး ယခုနှစ် ဇွန်လမှ စတင်စိုက်ပျိုးခဲ့ရာ ယနေ့တွင် ၂၇၁၁ ဧကထိ စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

“မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း မြေပဲ ၃၆၁၉ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဒီနေ့ထိ ၂၇၁၁ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ပါတယ်။ လျာထားစိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် ကွင်းဆင်းဆောင်ရွက်နေပါတယ်။ မြေပဲစိုက်ဧကတွေ တိုးချဲ့စိုက်ပျိုးနိုင်ဖို့၊ အထွက်နှုန်းတွေ ကောင်းမွန်ဖို့ GAP နည်းစနစ်တွေနဲ့ စိုက်ပျိုးဖို့အတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးနေပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် မြေပဲစိုက်ပျိုးတောင်သူများကို စိုက်ပျိုးရေးဦးစီးဌာနက အထွက်နှုန်းနှင့် အရည်အသွေးတိုးတက်ကောင်းမွန်စေရန် မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ စိုက်နည်းစနစ်များမှန်ကန်စေရေး၊ ပိုးမွှားရောဂါကင်းရှင်းရေး၊ သွင်းအားစုများ စနစ်တကျသုံးစွဲရေး တောင်သူအသိပညာပေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြေပဲကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းဆီစားသုံးမှုကို ဖူလုံစေရုံမျှမက ပိုလျှံမှု ရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် မြေပဲကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး