ဆင်ပေါင်ဝဲမြို့၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ဆင်ပေါင်ဝဲ ဇူလိုင် ၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် သစ်တောဦးစီးဌာန၏ အစီအစဥ်ဖြင့် ရာသီဥတုပြောင်းလဲမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ အရိပ်အာဝါသနှင့် သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်၍ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲအောင်တို့က တာဝန်ရှိသူများအား ပျိုးပင်များပေးအပ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့ကြသည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက သတ်မှတ်နေရာအသီးသီးတို့၌ ကျွန်း၊ မယ်ဇလီ၊ ယူကလစ်၊ တမာ၊ ကုက္ကိုလ်၊ ယင်းမာ စုစုပေါင်းပျိုးပင်(၃၀၀)ပင်ကို စနစ်တကျ စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)