သရက်ချောင်းမြို့နယ်၌ မိုးစပါးစိုက်ပျိုးရန်အတွက် တောင်သူများအား မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများ ဆက်လက်ထုတ်ချေးပေး

သရက်ချောင်း ဇူလိုင် ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် တောင်သူများအား ၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ် ချေးငွေများကို ယနေ့နံနက် (၉:၃၀) မှ စတင်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်‌ချေးပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တာဝန်ခံ ဒေါ်ကျော့ကျော့မိုးနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက  တောင်သူများအား ငွေထုတ်ချေးရာတွင် လိုအပ်သည့် အချက်အလက်များနှင့် စည်းမျဉ်း၊ စည်ကမ်းများ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ မိုးစပါးစိုက်ပျိုးစရိတ် ထုတ်ချေးရာတွင် ယခင်နှစ် စိုက်ပျိုးစရိတ်ချေးငွေများ ပြန်လည်ပေးဆပ်သူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး သရက်ချောင်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်များမှ ကျောက်မြောင်းရပ်ကွက်နှင့် ဆင်ဖြူပြင်ရပ်ကွက်ရှိ တောင်သူ ၄၃ ဦး တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် စပါးစိုက်ဧက ၂၅၆ ဧကအတွက် ချေးငွေကျပ် ၃၈,၄၀၀,၀၀ဝိ/-သိန်းကို ထုတ်ချေးပေးခဲ့ပြီး မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးသည့် ကျေးရွာ ၆ ရွာကို ထုတ်ချေးပေးရန် စီစဉ်ထားရှိကြောင်း သရက်ချောင်းမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် တာဝန်ခံ ဒေါ်ကျော့ကျော့မိုးထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)