ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများနှင့် အငြိမ်းစား ဝန်ထမ်းများအား အခမဲ့ ဆေးကုသပေး

ကံမ ဇူလိုင် ၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ ပြည်သူ့ဆေးရုံ၌ အသက်(၈၅)နှစ်အထက် အဘိုးအဘွားများနှင့် အငြိမ်းစားဝန်ထမ်းများအား ဆီးချိုသွေးချို၊ သွေးတိုးနှင့် နှလုံးရောဂါများ စစ်ဆေးပေးခြင်းကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံတွင် အခမဲ့ စမ်းသပ်စစ်ဆေးကုသပေးရာတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့စစ်ဆေးကုသရာတွင် ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ ဆီးချိုသွေးချိုစစ်ဆေးပေးခြင်း၊ ECG စစ်ဆေးခြင်း၊ စသည်တို့ကို ဆောင်ရွက်ပေး၍ လိုအပ်သည့် ကုသမှုများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဝေလင်းဗိုလ်နှင့် ကျန်းမာရေးဆရာမများက အခမဲ့စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး အပါတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း စမ်းသပ်စစ်ဆေးကုသပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)