ညောင်လေးပင် ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်း လုပ်ငန်းဆောင်ရွက်ခြင်းတို့ကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(ဇီးကုန်းကြီး)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နီနီဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြတ်သူများဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့် အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာများကို ဖတ်ကြရန်နှင့် ကလေးအလုပ်သမားပပျောက်ရေးနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများအား သိသင့်သိထိုက်သည်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူငယ်ရေးရာအသိပညာပေး နံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)