ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲဝင် အမျိုးသားအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနား ကျင်းပ

ကြို့ပင်ကောက် ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲဝင် ယူ ၂၃ အမျိုးသားအသင်းသားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဇေယျက ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် နိုင်ငံတော်အဆင့် ပြိုင်ပွဲများအထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အားကစားစိတ်ဓာတ်အပြည့်ဖြင့် ကစားသွားကြရန် အားပေးစကားပြောကြားပြီး အသင်းအုပ်ချုပ်သူနည်းပြ မြို့နယ်အားကစားမှူး ဦးမြင့်နိုင်နှင့် အားကစားသမားများအား အောင်နိုင်ရေးအလံ ပေးအပ်ခဲ့သည်။

ကြို့ပင်ကောက်မြို့နယ် ကိုယ်စားပြု ယူ ၂၃ အမျိုးသားပိုက်ကျော်ခြင်းအသင်းတွင် အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား ၈ ဦးအား မြို့နယ်အားကစားမှူးနှင့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီမှ ကြီးကြပ်လေ့ကျင့်ပေးထားသော အသင်းတစ်သင်းဖြစ်ကြောင်း သိရသည်။

ဇေယျတု (ပြန်/ဆက်)