ရွှေတောင်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးရာသီတွင် မိုးစပါးဧက (၅၈၁၆၃) စိုက်ပျိုးရန်လျာထားစိုက်ပျိုးမည်

ရွှေတောင် ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးကို အဓိကဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် စပါးမျိုးကောင်း၊ မျိုးသန့်တိုးပွားစေရန်နှင့် ဆန်စပါးဖူလုံစေရန် ရည်ရွယ်၍ ယခုနှစ်တွင် မိုးစပါး (၅၈၁၆၃) ဧက စိုက်ပျိုးသွားရန်လျာထားကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် ယခုနှစ် မိုးစပါးသီးနှံစိုက်ပျိုးရာတွင် မှော်ဘီ(၂)၊ ရတနာတိုး၊ ဗီယက်နမ်၊ ရက် (၉၀) စသည့် စပါးမျိုးများကို ပျိုးထောင်စိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်/လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးလျက်ရှိပြီး (၃၉၁၆၃)ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။

ရွှေတောင်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိနိုင်ရေးအတွက် စိုက်ပျိုးနည်းစနစ်သင်တန်းများဖွင့်လှစ်ခြင်း၊ ကွင်းသရုပ်ပြသခြင်း၊ သွင်းအားစုများထောက်ပံ့ပေးခြင်း၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာရောစပ်ကြဲပက်ခြင်းများ၊ စပါးအထွက်နှုန်းတိုးတက်မြင့်မားစေရန် တောင်သူများအား နည်းပညာပေးခြင်း၊ လယ်ယာကဏ္ဍသီးနှံစိုက်ပျိုးထုတ်လုပ်မှုမြင့်မားတိုးတက်ရေး၊ အရည်အသွေးကောင်းမွန်စေရေး၊ မိုးစပါးစိုက်ပျိုးထုတ်လုပ်ရာတွင် စီးပွားရေးအရ တွက်ခြေကိုက်သည့် အထွက်နှုန်းမြင့်မားပြီး အရည်အသွေးကောင်းမွန်သော မျိုးကောင်းမျိုးသန့် စပါးမျိုးများအား တောင်သူများ ပိုမိုကျယ်ပြန့်စွာ စိုက်ပျိုးသွားနိုင်ရန်ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)