တောင်တွင်းကြီး ဇူလိုင် ၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းကောင်စီကတိသစ္စာခံယူပွဲကို ယမန်နေ့နံနက် ၉ နာရီက ကျောင်းအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကွင်းအတွင်း၌ အသင်းအလိုက်နေရာယူခဲ့ကြပြီး အခမ်းအနားကို ကျောင်းကောင်စီသီချင်း သံပြိုင်သီဆို၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်စန္ဒာဇော်မှ ကျောင်းကောင်စီဖွဲ့စည်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များ၊ ခံယူသည့်မူဝါဒ၊ ကာလသက်တမ်း၊ အသင်းအမည်များနှင့် ကိုယ်စားပြုအလံအရောင်များ၊ ကတိသစ္စာ(၄)ချက်၊ ကျောင်းကောင်စီ၏ဆောင်ပုဒ်နှင့် အခြေခံမူများ စသည့်အကြောင်းအရာများ ကိုရှင်းပြောကြားခဲ့ပြီး၊ ဒုတိယကျောင်းအုပ်ဆရာကြီး ဦးဇော်ဝင်းထွန်းက ကျောင်းကောင်စီအမှုဆောင်အဖွဲ့ အမည်စာရင်းများကို ဖတ်ကြားကြေညာခဲ့သည်။ ထို့နောက် ကျောင်းကောင်စီအမှုဆောင်အဖွဲ့ ကတိသစ္စာခံယူခြင်းနှင့် တစ်ကျောင်းလုံးသစ္စာခံယူခြင်းကို ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီးမှ တာဝန်အထိမ်းအမှတ်အလံများ ပေးအပ်ရာ အသင်းတာဝန်ခံ ဆရာ၊ ဆရာမများမှ လက်ခံရယူခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်သီချင်းကို စုပေါင်းသံပြိုင်သီဆိုခဲ့ကြသည်။
ကျောင်းကောင်စီအသင်း(၅)သင်းကို အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရားအသင်းနှင့် ဗန္ဓုလအသင်းများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)