နတ်မောက်မြို့၌ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

နတ်မောက် ဇူလိုင် ၂

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်မားပြီး အသိပညာဗဟုသုတိုးပွားစေရေးအတွက် ယမန်နေ့ နေ့လည် ၂ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ကျောင်းသား/သူများအား စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့သည်။

စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ကျောင်းသား/သူများ အားလပ်ချိန်၌ စာပေဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများရရှိပြီး အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ဗဟုသုတတိုးပွားစေရေးအတွက် ပြင်ပစာပေများကို လေ့လာဖတ်ရှုကြစေရန် ရည်ရွယ်၍ ကျောင်းသား/သူများ ဖတ်ရှုလေ့လာနိုင်ရန် သုတ/ရသ မဂ္ဂဇင်းစသည့် စာအုပ်များ ငှားရမ်းပေးခဲ့ပြီး နှစ်ပတ်တစ်ကြိမ်စာအုပ်များပြန်လည်အပ်နှံခြင်းနှင့် အသစ်လဲလှယ်ထားရှိသော စာအုပ်များအား ထပ်မံငှားရမ်းပေးသွားမည်ဖြစ်သည်။

နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေအလွယ်တကူဖတ်ရှုနိုင်စေရေးအတွက် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ရပ်ကွက်၊ ဌာနဆိုင်ရာရုံးများနှင့် စာသင်ကျောင်းများသို့ အရောက်သွားကာ ဝန်ဆောင်မှုပေးလျက်ရှိသည်။

မူမူစန်း