ငဖဲ ဇူလိုင် ၂
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဆီထွက်သီးနှံ (နှမ်း)မျိုး၊ မြေ၊ ရေ နည်းလမ်းအလိုက် သက်တမ်းအလိုက် စနစ်တကျဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ တောင်သူနည်းပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက မကွေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု ထင်စားထားသည့်အတိုင်း မြို့နယ်၏ ဆီထွက်သီးနှံဖြစ်သည့် နှမ်းသီးနှံအထွက် နှုန်းတိုးတက်စေရန်၊ စားသုံးဆီဖူလုံမှုရာခိုင်နှုန်း ယခင်နှစ်ကထက် တိုးတက်လာစေရန်နှင့် ပြည်ပမှစားအုန်းဆီတင်သွင်းမှုကို လျှော့ချနိုင်စေရန်အတွက် စနစ်တကျစိုက်ပျိုးကြရန် အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးမြင့်သိန်းက မြို့နယ်အတွင်း ဆီထွက်သီးနှံဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိကျေးရွာအုပ်စုအလိုက် လျာထားဧကပြည့်မီရေး၊ အထွက်နှုန်းတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်ကြရန်၊ နှမ်းသီးနှံစိုက်ပျိုးသည့် တောင်သူများအနေဖြင့် ယခင်နှစ်ကထက် အထွက်နှုန်းတိုးတက်လာစေပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားသည်။
အဆိုပါသင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြင့်သိန်းနှင့် ဒုတိယဦးစီးမှူး ဦးဇော်မင်းထွေးတို့က နှမ်းသီးနှံအား မျိုး၊ မြေ၊ ရေ နည်းလမ်းအလိုက် သက်တမ်းအလိုက် အဆင့်ဆင့် စနစ်တကျဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နှင်းခြင်း နည်းလမ်းများနှင့် တစ်ဧကပန်းတိုင်အထွက်နှုန်း တင်း ၂၀ နှင့်အထက် ရရှိစေမည့် အထွက်နှုန်း မိတ်ဖက်များအကြောင်းကို သင်တန်းသားတောင်သူ(၃၁)ဦးအား ညနေပိုင်းထိ ဖွင့်လှစ်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)