မင်းဘူး ဇူလိုင် ၂
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလ ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး၊ စည်ပင်သာယာမြို့မဈေးကြီး မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ယမန်နေ့ နေ့လယ်ပိုင်းက သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စကုမြို့အုပ်ချုပ်ရေးမှူးမှ အနီးကပ်ကြီးကြပ်၍ စည်ပင်သာယာရေးကော်မတီဝင်များ၊ စကုမြို့လျှပ်စစ်မန်နေဂျာ ဦးဝေလင်းနိုင်နှင့် စကုမြို့နယ်မြေမီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးဇော်မင်းထွန်းတို့ ဦးဆောင်ပြီး စကုမြို့ရှိ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး၊ ဈေးမီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအဖြစ် ဈေးလုံခြုံရေးမီးလိုင်း၊ မီတာ၊ မီးကြိုးနှင့် မီးခလုတ်များ စနစ်တကျ သွယ်တန်းတပ်ဆင်ထားရှိရေးစစ်ဆေးခြင်း၊ မြို့မဈေးကြီးအတွင်း မီးချိတ်၊ မီးကပ်၊ လှေကား၊ မီးသတ်ဆေးဗူးဘူးများ၊ အပေါ့စားမီးငြှိမ်းသတ်စက်များနှင့် မီးသတ်ရေပိုက်လိုင်များ အရန်သင့်အသုံးပြုနိုင်ရန် ကြိုတင်စမ်းသပ်စစ်ဆေးခြင်း၊ ဈေးအရောင်းဆိုင်များအတွင်း မီးသတ်ဆေးဘူးများအား အလွယ်တကူအသုံးပြု၍ရသောနေရာ (လူမြင်ကွင်း)တွင် အရန်သင့် ချိတ်ဆွဲတပ်ဆင်ထားရှိရေး၊ မီးသတ်ရေလှောင်ကန်များ၊ အမြင့်တင်ရေစင်နှင့် ရေစုကန်များအတွင်း အရေးပေါ်ရေများ အရန်သင့် သိုလှောင်စုဆောင်းထားရှိရေး စသည့်လုပ်ငန်းများကို စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် စကုမြို့လျှပ်စစ်မန်နေဂျာ ဦးဝေလင်းနိုင်နှင့် ဝန်ထမ်းများက စကုမြို့၌ မြို့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအဖြစ် လမ်းများတိုးချဲ့ပြုပြင်ခြင်း၊ ရေနုတ်မြောင်းများ ဆောင်ရွက်ခြင်း၊ လမ်းနယ်နှင့် အလွတ်ကင်းသော လမ်းမီးတိုင်များ နေရာရွှေ့ပြောင်းခြင်း၊ လျှပ်စစ်မီးတိုင်နှင့် မလွတ်ကင်းသော သစ်ကိုင်း၊ သစ်ပင်များ ခုတ်ထွင်ဖယ်ရှားရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလဖြစ်သည့်အတွက် အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေစဉ် မြို့နေပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအသိပေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းများကို စကုမြို့ရှိ စည်ပင်သာယာမြို့မဈေးကြီးနှင့် လူစည်ကားရာနေရာများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)