ပေါင်းတည်၌ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပ

ပေါင်းတည် ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စက်မှုလယ်ယာဦးစီးဌာန၏ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက  ရွာပုလဲကျေးရွာတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့ဝင်များသည် မြို့နယ်စက်မှုလယ်ယာဦးစီးမှူး ဦးအောင်နိုင်ဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ကြပ်တာဝန်ခံဝန်ထမ်းများနှင့် ဒေသခံတောင်သူ ၇၀ ဦးတို့နှင့်အတူ ရွာပုလဲကျေးရွာ၊ ကွင်းအမှတ်- ၁၁၃၀(A) ရှိ တောင်သူ ဦးမျိုးနိုင်ဦး၏ စိုက်ပျိုးမြေ ၅ ဧကအတွင်း မျိုးကောင်း၊ မျိုးသန့်အထွက်ကောင်း ရက် ၁၂၀ ဗီယက်နမ်စပါးအား ခြောက်တန်းသွားကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးကြပြီး မြို့နယ်စက်မှုလယ်ယာဦးစီးမှူးက တောင်သူများအား ကောက်စိုက်စက်ဖြင့်စိုက်ပျိုးခြင်း၏ အကျိုးရလဒ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး စိုက်စွမ်းအား၊ သီးထပ်စွမ်းအား မြှင့်တင်ရေးအတွက် ရာသီအလိုက် သုံးသီးစားစိုက်ပျိုးနိုင်ရေး၊ သီးထပ်သီးညှပ်စိုက်ပျိုးနိုင်ရေး၊ မျိုး၊ မြေ၊ ရေနှင့် စိုက်နည်းများကို မှန်ကန်စွာအသုံးချ၍ မိုးစပါးပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်အောင် ပူးပေါင်းကြိုးပမ်းနိုင်ရေးဆွေးနွေးကာ တောင်သူများ၏ တင်ပြချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေသား (IPRD)