ဘားအံ ဇူလိုင် ၁
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ အားကစားကွင်း၊ အားကစားရုံများနှင့် တည်ဆောက်ရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ လှာကမြင်အားကစားကွင်း၊ ဇွဲကပင်အားကစားရုံ (၂၀၀ပေ x ၁၃၀ပေ) အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးရာ ရှင်းလင်းဆောင်၌ တာဝန်ယူတည်ဆောက်သည့် ဒီဇိုင်းမန္တလေးကုမ္ပဏီနှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်နိုင်ရေး လျာထားဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားကာ တည်ဆောက်ရေးလုပ်ငန်းခွင်အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (ဂ) အား ဘားအံမြို့၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပနိုင်ရေး ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်းနှင့် ဘားအံမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ အောင်သံလွင်အားကစားကွင်းတို့တွင် ပြိုင်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် အားကစားသမားများ တည်းခိုနေထိုင်နိုင်ရေး တည်းခိုဆောင်၊ စားရိပ်သာ၊ ခန်းမများပြည့်စုံလုံလောက်မှုရှိ/မရှိ လိုက်လံကြည့်ရှုစစ်ဆေးရာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက ပြိုင်ပွဲကျင်းပနိုင်ရေးပြင်ဆင်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘောလုံးအားကစားကွင်း၊ ပွဲကြည့်စင်အဆောက်အဦများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ စိမ်းလန်းစိုပြည်မှုရှိစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများစနစ်တကျရှိစေရေး၊ အားကစားကွင်း/အားကစားရုံများ ယိုယွင်းပျက်စီးနေမှုများကို ပြန်လည်ပြုပြင်ဆောင်ရွက်၍ ရေရှည်တည်တံ့အောင်စနစ်တကျ ထိန်းသိမ်းထားရှိနိုင်ရေး၊ အားကစားသမားများကို အာဟာရပြည့်ဝစွာကျွေးမွေးဧည့်ခံနိုင်ရေး အနီးကပ်ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကိုကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်ရှိ အမှတ် (၁၃) အခြေခံပညာမူလတန်းကျောင်း၏ ၆၀ပေ x ၃၀ပေ RCC တစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်ရေးလုပ်ငန်း ၉၈ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးမှုအခြေအနေ၊ ဘားအံမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ အမှတ် (၁၄) အခြေခံပညာမူလတန်းကျောင်း၏ ၆၀ပေ x ၃၀ပေ RCC တစ်ထပ် ကျောင်းဆောင်သစ်တည်ဆောက်ရေးလုပ်ငန်း ၉၃ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ယူတည်ဆောက်သည့်ကုမ္ပဏီနှင့် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးတို့က တည်ဆောက်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားကာ ကျောင်းဆောင်သစ်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)