ငပုတော ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် စပါးမျိုးကောင်းမျိုးသန့်ပြောင်းလဲစိုက်ပျိုးရေး စီမံချက် RStoCS မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်းစိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သက္ကာယ်ချောင်းကျေးရွာ ကွင်းအမှတ် ၁၃၆၆(ခ)၊ ဦးပိုင်အမှတ် ၃၁/၂ တောင်သူဦးအေးငွေ၏ လယ်မြေ(၈)ဧကတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းဦး၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်မော်လွင်၊ မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး ပေါ်ဆန်းရင် မျိုးစပါးအားကြိုးတန်းစနစ်ဖြင့် စုပေါင်းစိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးသည်။
ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ဖျန်ရေကျော်ကျေးရွာအုပ်စုတောင်သူဦးသန်းမြင့်၏ လယ်မြေ (၁၄.၀၀)ဧကတွင် ပေါ်ဆန်းရင်မျိုးစပါး စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး တစ်ဧကလျင် (၁၃၀)တင်းနှုန်း တိုးထွက်စေရေးအတွက် အထွက်ကောင်းမျိူးကောင်းမျိုးသန့်များ ရွေးခြယ်စိုက်ပျိုးနိုင်ရေး၊ သွင်းအားစုများ အချိုးကျအချိန်ကိုက်သုံးစွဲနိုင်ရေး၊ ပိုးမွှားကင်းရှင်းစေရေး၊ စိုက်နည်းစနစ်မှန်ကန်စေရေးပြောကြားပြီး တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)