မြောင်းမြမြို့တွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မြောင်းမြ ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီအချိန်က ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် မြောင်းမြမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာက ကျောင်းကျန်းမာရေး အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရေး၊ အသိပညာပေးခြင်း၊ ကာကွယ်ရေးလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး၊ ကျောင်းကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး-၂ ဒေါ်နွယ်နွယ်အောင်က ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များ၊ ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးနှင့်ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရန်အချက်များ၊ ဆရာ၊ ဆရာမများမှ ကျောင်းကျန်းမာရေးနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိရမည့်အချက်များကို အဆင့်ဆင့်ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပညာရေးမှူး ဦးမြင့်အောင်နှင့် တက်ရောက်လာသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့အသီးသီးတို့ကလည်း ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းကျန်းမာရေး အရှိန်အဟုန်မြှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သက်ဆိုင်ရာကျောင်းများက တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)