စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းမြို့၊ ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် အခြေခံပညာကျောင်းများ အေးချမ်း တည်ငြိမ်စွာဖြင့် ပညာသင်နေမှုများအား လိုက်လံကြည့်ရှု

မုံရွာ ဇူလိုင် ၁

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊  ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ဝန်ထမ်းအိမ်ရာဝန်းအတွင်းရှိ ဝန်ထမ်းနေအိမ်အဆောက်အဦများ ကြံ့ခိုင်မှုစစ်ဆေးနေမှု၊ Modular House များတွင် နေထိုင်ကြသည့် ဝန်ထမ်းမိသားစုများအတွက် စားဖိုဆောင်အလျား -၄၄ ပေ၊ အနံ - ၂၄ ပေ အဆောက်အဦသစ် တည်ဆောက်နေမှုနှင့် Modular House များနှင့် ဝန်ထမ်းများအား စနစ်တကျထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။    

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့၊ ပညာရေးဒီဂရီကောလိပ်သို့ရောက်ရှိရာ အလျား ၉၀ ပေ၊ အနံ ၂၅ ပေ ကျောင်းသား အိပ်ဆောင် ၂ ဆောင် တည်ဆောက်နေမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စစ်ကိုင်းမြို့ပေါ်ရှိ ဇေယျာကွက်သစ်ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)နှင့် ရွာထောင်ရွပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ အာဆီယံ The AHA Centre မှ ထောက်ပံ့လှူဒါန်းသည့် ကွန်တိန်နာကျောင်းဆောင် (Prefabricated Schools)များနှင့် ယာယီကျောင်းဆောင်များတွင် စစ်ကိုင်းမြို့ပေါ်ရှိ ကျောင်းသား/ကျောင်းသူများ စိတ်အေး ချမ်းသာစွာဖြင့် ပညာသင်ကြားနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး သင်ကြားရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

တိုင်းဒေသကြီး(ပြန်/ဆက်)