မြိတ် ဇူလိုင် ၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက်(၉)နာရီက ကျင်းပရာ Grade 12 ကျောင်းသား၊ ကျောင်းသူများက “အာရှသူရဲကောင်း” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြသောင်းက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက အာဇာနည်နေ့ အထိမ်းအမှတ် ကျပန်းစကားပြော ယှဉ်ပြိုင်ခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများက အာဇာနည်ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဂုဏ်ပြုခဲ့ကြသည်။
အာဇာနည်နေ့ အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် စာစီစာကုံး ပြိုင်ပွဲ၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊သူများအား ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး Grade-11 ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)