ပခုက္ကူ ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က လက်ရက်ကန်းခြောက်လ (ပထမအကြိမ်)သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင် ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်သန္တာယုက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းတက်ရောက်ပြီးစီးသူများ ရရှိနိုင်မည့် အလုပ်အကိုင်အခွင့်အလမ်းများအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး တာဝန်ရှိသူများက သင်တန်းသူများကိုယ်တိုင် ရေးဆွဲချုပ်လုပ်ထားသည့် အဝတ်အထည်ဒီဇိုင်းများနှင့် လူသုံးကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုအား ကြည့်ရှုအားပေးကြသည်။
အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၁၅)ဦး တက်ရောက်ခဲ့ပြီး အခြေခံလက်ရက်ကန်း၊ လက်ချည်မျှင်ဆွဲနှင့် ဂျပ်ခုတ်၊ အထည်ခွဲစိတ်လေ့လာနည်း၊ အဖြူချွတ်ဆေးဆိုးနည်း၊ အထည်ဒီဇိုင်း၊ အခြေခံစက်ချုပ်၊ မော်တာအပ်ချုပ်စက်ကိုင်တွယ်အသုံးပြုနည်း စသည့်ဘာသာရပ်များကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ သင်တန်းကာလ ခြောက်လကြာ စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)