မင်းလှမြို့နယ် သဖန်းချောင်းကျေးရွာတွင် ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေး၊ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများ ဆွေးနွေးပွဲကျင်းပ

မင်းလှ ဇူလိုင် ၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် သဖန်းချောင်းကျေးရွာ၌ ခေတ်မီစံပြကျေးရွာ(Smart Village) စီမံကိန်းတွင် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ သွင်းအားစု ငွေးကြေးဝန်ဆောင်မှုနှင့် နည်းပညာများ ပံ့ပိုးပေးခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်ရန်ရည်ရွယ်၍ ခေတ်မီစံပြကျေးရွာ (Smart Village) ထူထောင်ရေးစီမံကိန်းလုပ်ငန်းများ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်၊ သဖန်းချောင်းကျေးရွာတွင် ခေတ်မီစံပြကျေးရွာ(Smart Village)ထူထောင်နိုင်ရေးအတွက် ကျေးရွာအခြေခံ အဆောက်အအုံများဖွံ့ဖြိုးရေး၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှုများ ထောက်ပံ့ခြင်း၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ကျေးရွာစီးပွားရေး မြင့်မားစေခြင်း၊ နည်းပညာဖြန့်ဖြူးခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့် ကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို သက်ဆိုင်ရာဌာနများနှင့် ဆွေးနွေးခဲ့သည်။ ယင်းသို့ ဆွေးနွေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှ ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်အထိ စီမံကိန်း(၅)နှစ်တာ ကာလအတွင်း သက်ဆိုင်ရာကော်မတီများမှ ဘက်စုံသုံးခန်းမတည်ဆောက်ခြင်း၊ ရေစစ်ကန် တည်ဆောက်ခြင်း၊ ရွာတွင်းလမ်းနှင့် ရွာလမ်းမကြီး ကွန်ကရစ်ခင်းခြင်း၊ IT Center အတွက် Smart TV ၊ နေအိမ်သုံးဇီဝဓာတ်ငွေ့ကန် တည်ဆောက်ခြင်း၊ ရေသန့်စင်စနစ် ဆောင်ရွက်ခြင်း၊ မျိုးကောင်းမျိုးသန့် ထောက်ပံ့ခြင်း၊ ကျေးရွာစီးပွားမြင့်မားရေးရန်ပုံငွေ(RBF) ဆောင်ရွက်ပေးခြင်း၊ သင်တန်း (၁၃) ကြိမ်၊ ဟောပြောပွဲ(၂၄)ကြိမ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့်လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ လိုအပ်ချက်မရှိ ပြည့်စုံအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်လိုအပ်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် လျာထားချက်များ၊ ဆောင်ရွက်ရန် ကျန်ရှိသည့် အချက်များအား ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။

ဝင်းမြတ်(အထက်မင်းလှ)