အောင်လံမြို့၌ ငလျင်ဘေး သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

အောင်လံ ဇူလိုင် ၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကျင်းပပြုလုပ်သော ငလျင်သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အောင်လံမြို့၊ အ.ထ.က(၁)၊ ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အောင်လံခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၊ ဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကြောင့် သဘာဝဘေးအန္တရာယ်များစွာကို ဖိတ်ခေါ်လျက်ရှိပြီး အဆိုပါသဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများကို ကမ္ဘာ့နိုင်ငံအသီးသီး ရင်ဆိုင်နေရပြီး မိုးကြိုးပစ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ တောမီးလောင်ခြင်းနှင့် ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်ခြင်းတို့ကို ကြုံတွေ့လာရပြီး နောက်ဆက်တွဲဖြစ်စဉ်များ ခံစားကြရလျက်ရှိပါသည်။ ငလျင်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်ခံစားရမှုများ လျော့နည်းသက်သာစေရန်အတွက် ငလျင်ဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းစသည့် ကြိုတင်ပြင်ဆင်မှုများကို ပုံမှန်ဆောင်ရွက်ပြီး၊ ငလျင်ဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်မှုတွင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ငလျင်ဘေးဖြစ်ပွားချိန်မှာ ပြုမူဆောင်ရွက်နည်းလမ်းများကို သိရှိပြီး အမှန်တကယ် ရင်ဆိုင်ကြုံတွေ့ရချိန်မှာ မိမိတို့ရဲ့ အသက်အန္တရာယ်ဆုံးရှုံးမှုများကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မြထွေးက ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ကျောင်းသား/ ကျောင်းသူများအား ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝန်ထမ်းများမှ ငလျင်ဘေးဖြစ်ပွားချိန်တွင် ဆောင်ရွက်ရမည့် ဝပ်၊ ကာ၊ ကိုင်နည်းလမ်းများအား သရုပ်ပြသခဲ့သည်။

ထို့နောက် တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများက ငလျင်ဘေးဖြစ်ပွားချိန်တွင် ဆောင်ရွက်ရမည့် ဝပ်၊ ကာ၊ ကိုင်နည်းလမ်းများကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝန်ထမ်းများနှင့်အတူ လက်တွေ့သရုပ်ပြခဲ့ပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)