ငဖဲ ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ကျောင်းသား/ကျောင်းသူများပူးပေါင်း၍ ယနေ့မွန်းလွဲ ၁၂ နာရီခွဲအချိန်က မောင်မင်းစိုး ရေးသားသည့် လူငယ်နဲ့အထက်တန်းစားစိတ်ဓာတ် စာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆောင်ရွက်သည်။
စာဖတ်ဝိုင်းတွင် ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသက်နောင်ထွန်းက စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် Book Club အဖွဲ့ဝင် ဒေါ်ဟန်နီထွန်းက စာရေးဆရာမောင်မင်းစိုး ရေးသားသည့် လူငယ်နှင့် အထက်တန်းစားစိတ်ဓာတ် စာအုပ်ပါ လူငယ်နဲ့စရိုက်ဆိုးဆောင်းပါးတွင် လူတစ်ယောက်၏အမှတ်လက္ခဏာသည် သူ၏စရိုက်ပင်ဖြစ်ကြောင်း၊ စရိုက်ဆိုသည်မှာ ကောင်းတဲ့စရိုက်ရှိသလို မကောင်းတဲ့စရိုက်လည်းရှိကြောင်း လူငယ်လူရွယ်များ ငယ်စဉ်ကပင် ကောင်းတဲ့စရိုက်များရှိရန်လိုအပ်ပြီး မကောင်းတဲ့စရိုက်ဆိုးများကို တွန်းလှန်ပစ်ရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် Grade-10 ကျောင်းသား မောင်အောင်ကိုနိုင်က လူငယ်နှင့်ပျော်ရွှင်မှု ဆောင်းပါးပါ စိတ်ဓာတ်ပျော်ရွှင်နေဖို့သည် ပိုအရေးကြီးကြောင်း၊ ပိုမိုထိရောက်သည့်ပျော်ရွှင်မှုများကို ရစေနိုင်သည်မှာ စိတ်ထားကောင်းခြင်း၊ အကောင်းမြင်ခြင်း၊ စိတ်ဓာတ်ကျမှုများကို တွန်းထုတ်နိုင်သည့်ကြံ့ခိုင်မှုရှိခြင်းတို့ဖြစ်ကြောင်း၊ Grade-10 ကျောင်းသူ မကေခိုင်အောင်က လူငယ်နဲ့ပေါင်းသင်းဆက်ဆံရေး ဆောင်းပါးပါအကြောင်းအရာများကို ထုတ်နှုတ်ဖတ်ကြားဆွေးနွေး၍ ကျန်ရှိသည့် ကျောင်းသား/ကျောင်းသူများက လူငယ်နှင့်ပတ်သက်သည့် သိကောင်းစရာများကို ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)