ဂန့်ဂေါ ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကလေးသူငယ်များ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် (၈) နာရီအချိန်မှစတင်၍ မွေးစမှ အသက်ငါးနှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးပေးခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကာကွယ်ဆေးများ စတင်ထိုးနှံ/တိုက်ကျွေးပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးများထိုးနှံ/တိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး-၁၊ ဦးထွန်းဇော်လင်း ဦးဆောင်သည့် ကျန်းမာရေးဌာနမှဝန်ထမ်းများက မွေးစမှ အသက်ငါးနှစ်အောက်ကလေးငယ်များကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေး(သောက်ဆေး)၊ ပိုလီယိုအကြောသေကာကွယ်ဆေး(သောက်ဆေး)၊ ပိုလီယိုအကြောသေကာကွယ်ဆေး(ထိုးဆေး)၊ ပြင်းထန်အဆုပ်ရောင်ကာကွယ်ဆေး(PCV)၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေး(JE)၊ ဝက်သက်ဂျိုက်သိုးကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး(ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝ(B)၊ အဆုပ်ရောင်ရောဂါ) ကာကွယ်ဆေး၊ တီဘီရောဂါကာကွယ်ဆေးများကို ကလေးငယ်များ၏အသက်အရွယ်အလိုက် သတ်မှတ်အကြိမ်အတိုင်း ထိုးနှံ/တိုက်ကျွေးပေးခဲ့ကြသည်။
အဆိုပါ ကာကွယ်ဆေးများထိုးနှံ/တိုက်ကျွေးရာသို့ ဂန့်ဂေါမြို့ပေါ်(၄)ရပ်ကွက်နှင့်မြို့နယ်အတွင်းရှိ ရှုံးရှီ၊ အုတ်လှ၊ ဇာဟော၊ ပျား၊ ခေါက်ခူ၊ မကျည်းခင်၊ လာပို့နှင့် ကွမ်းဇဲကျေးရွာများမှလည်းကောင်း၊ ကျောမြို့မှ ကျော၊ ရေမျက်နီ၊ ဇင်းဇယ်နှင့် ရေပုတ်ကျေးရွာများမှလည်းကောင်း ကာကွယ်ဆေးများကို လာရောက်ထိုးနှံခဲ့ကြသည်။ ကာကွယ်ဆေးများထိုးနှံ/တိုက်ကျွေးပေးခြင်းကို ဇူလိုင် ၁ ရက်နေ့မှ ၅ ရက်နေ့အထိ နံနက် ၈ နာရီမှ ၁၂နာရီထိ၊ နေ့လယ် ၁နာရီမှ ၃ နာရီအထိ ဆက်လက်၍ ထိုးနှံ/တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
မောင်မျိုးမင်း