ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ဖျာပုံ     ဇူလိုင်  ၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဖျာပုံမြို့နယ်စာရေးဆရာ အသင်းနှင့်ရန်ကုန်မြို့မှစာရေးဆရာများပူးပေါင်း၍ စာဖတ်ဝိုင်းကို ဇွန်လ (၃၀)ရက်နေ့ နံနက် (၁၀)နာရီအချိန်က အဆိုပါခန်းမ၌ပြုလုပ်ကြသည်။

ရှေးဦးစွာ ဖျာပုံမြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ စာရေးဆရာ၊ ကဗျာဆရာ ဇေယျာဘုန်းမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ရန်ကုန်မြို့စာရေးဆရာ/ ဆရာမများကိုယ်စား မြန်မာနိုင်ငံစာရေးဆရာအသင်း ဗဟိုအလုပ်အမှုဆောင် ဆရာမင်းဆက်ပိုင်က စာရေးဆရာအသင်းအနေဖြင့် ရှေဆက်ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များနှင့် ဖျာပုံမြို့နယ်စာပေဆု ပေးအပ်ချီးမြှင့်ဆောင်ရွက်နေမှုနှင့် မြန်မာစာပေတိုးတက်ရေးအတွက် စာစီစာကုံးပြိုင်ပွဲများဆောင်ရွက်ကြရန် ဆွေးနွေး ပြောကြားသည်။ ထို့နောက်ဖျာပုံမြို့နယ် စာရေးဆရာအသင်ဝင်းများနှင့် ရန်ကုန်မြို့မှ စာရေးဆရာများမှ တစ်ဦးနှင့်တစ်ဦးအပြန်အလှန် အမှတ်တရလက်ဆောင်များပေးအပ်ကြပြီး၊ အဆိုပါစာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာရေးဆရာ/ဆရာမများမှ တစ်ဦးချင်း အလိုက်ကဗျာများရွတ်ဆိုခြင်းနှင့် စာပေဆွေးနွေးခြင်းတို့ ပြုလုပ်ကြကြောင်းသိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)