စလင်း ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီဒေသတွင်း စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးနှင့် သီးနှံအထွက်းနှုန်း တိုးတက်စေရေး သီးနှံစိုက် တောင်သူများအတွက် စိုက်ပျိုးရေးသွင်းအားစုများ ချီးမြှင့်ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် စလင်းမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေး ပိုမိုအလေးထား ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင်တောင်သူများ ပေါင်းစပ်၍ သီးနှံအထွက်နှုန်းတိုးတက်စေရေး စံပြကွက်များအဖြစ် စပါး ၅၀ ဧက၊ မြေပဲ ၁၀ ဧက၊ နှမ်း ၁၅ ဧက၊ ပဲတီစိမ်း ၅ ဧကနှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ် ၁၀ ဧကကို စိုက်ပျိုးဆောင်ရွက်ထားရှိပြီး အဆိုပါ အကျိုးဆောင်တောင်သူများအတွက် စိုက်ပျိုးရေး သွင်းအားစုများကို ယခုလို ချီးမြှင့်ပေးအပ်ရခြင်းဖြစ်ကြောင်း၊ ထို့အပြင် ဒေသတွင်း သီးနှံအထွက်နှုန်း တိုးတက်စေမည့် စိုက်ကွင်းလုပ်ငန်းစဉ်များအား အသိပညာပေးစာစောင်ဖြန့်ဝေပေးခြင်း၊ ကွင်းဆင်းအသိပေး ဆောင်ရွက်ခြင်း၊ သီးနှံအထွက်တိုး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးစေခြင်း၊ စိုက်ပျိုး မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး သစ်စိမ်းမြေဩဇာထည့်သွင်းခြင်းနှင့် စိုက်ပျိုးရေး သွင်းအားစုများကို ပိုမိုထိရောက်စွာအသုံးပြုစေရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက ပြောသည်။
စလင်းမြို့နယ်ရှိ ဒေသခံတောင်သူများအတွက် ၂၀၂၅-၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် ဒေသနှင့် ကိုက်ညီဖြစ်ထွန်းသည့် စပါးမျိုး ၆၃ တင်း၊ နေကြာ ၆၅ ဧကစာ၊ ပိုက်ဆံလျှော် ၆၈ ဧကစာ ၊ မြေပဲ ၁၈ တင်း၊ နှမ်း ၁ တင်း၊ ပဲတီစိမ်း ၄ တင်း၊ ပဲစဉ်းငုံ ၁ တင်း၊ ချည်မျှင်ရှည်ဝါမျိုးစေ့ ၄၆၀ ဧကစာ တို့အား တောင်သူမျိုးသန့်ပွားမှတစ်ဆင့် မျိုးအစားပေးစနစ်ဖြင့် ဖြန့်ဖြူးထားရှိပြီးဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)