ပွင့်ဖြူ ဇူလိုင် ၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စည်ပင်သာယာဈေးများ ဈေးအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ ဈေးလုံခြုံရေးနှင့် မီးဘေးလုံခြုံရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက မြို့မဈေးကြီးသို့သွားရောက်ပြီး ဈေးရောင်းဈေးဝယ်ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် ဓာတ်အားလိုင်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့မ စည်ပင်သာယာဈေး၌ ဈေးလုံခြုံရေးအတွက် တပ်ဆင်ထားရှိသော လျှပ်စစ်မီးလိုင်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး သဘာဝဘေးဒဏ်ကြောင့် မီးမလင်းတော့သည့် လျှပ်စစ်မီးသီးများကို စနစ်တကျဖြုတ်သိမ်းကာ LED မီးသီးများဖြင့် အစားထိုးလဲလှယ်တပ်ဆင်ခြင်း၊ လျော့ကျနေသည့် ဓာတ်အားလိုင်းကြိုးများအား လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပွင့်ဖြူမြို့မဈေးကြီးအား ဈေးအင်္ဂါရပ်နှင့်အညီ အစဉ်အမြဲသန့်ရှင်းသာယာလှပစေရန်အတွက် ယခုကဲ့သို့ ဈေးမီးဘေးလုံခြုံရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရန်အတွက် လျှပ်စစ်မီးလိုင်းများ ပြုပြင်ထိန်းသိမ်းဆောင်ရွက်ခြင်း၊ ဈေးရောင်းဈေးဝယ် ပြည်သူများ စနစ်တကျဈေးရောင်းချနိုင်ရေးအတွက် ကြပ်မတ်စစ်ဆေးခြင်း၊ ဈေးတွင်း၊ ဈေးပြင်သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် ဈေးအမှိုက်ကန်ရှိ အမှိုက်များသိမ်းဆည်းခြင်း၊ သဘာဝပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် အပတ်စဉ်(တနင်္လာနေ့တိုင်း) ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)