ရေတာရှည်မြို့နယ် မြို့မစျေး၌ စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဆောင်ရွက်

ရေတာရှည် ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူများအား မိမိတို့နေထိုင်ရာပတ်ဝန်းကျင်သန့်ရှင်းစေရန်နှင့် အမှိုက်များစနစ်တကျစွန့်ပစ်စေရန်အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးခြင်းကို ယမန်နေ့နံနက် ၉:၀၀ နာရီအချိန်က ရေတာရှည်မြို့မစျေး၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရေတာရှည်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဟန်ရှိန်မှ စွန့်ပစ်ပစ္စည်းများ၏ ညစ်ညမ်းမှုအန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ အမှိုက်များကို စနစ်တကျခွဲခြားစွန့်ပစ်ခြင်းဖြင့် ညစ်ညမ်းမှုအန္တရာယ်ကို လျော့ကျစေနိုင်ပြီး လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သောဂေဟစနစ်ကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းအမှိုက်များကို အမျိုးအစားခွဲ၍ စနစ်တကျခွဲခြားစွန့်ပစ်ခြင်းကို အသိပညာပေးပြောကြားခဲ့ပြီး​နောက် လက်တွေ့သရုပ်ပြမှုများ ဆက်လက်​ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဆောင်ရွက်ရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲနှင့် စျေးသူ၊ စျေးသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)