မြန်အောင် ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင် (ဧရာဝတီမြစ်)အတွင်းသို့ ငါးသားပေါက်ကောင်ရေတစ်သိန်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်က မြန်အောင်မြို့ ပြည်တော်အေးဘုရားအနီး ဧရာဝတီသင်္ဘောဆိပ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ငါးသယံဇာတများ စဥ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းရေး၊ ငါးရိက္ခာ ဖူလုံစေရေးတို့အတွက် သဘာဝရေပြင် (ဧရာဝတီမြစ်) အတွင်းသို့ နှစ်လက်မအရွယ် ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ခြောက်သောင်း၊ ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ လေးသောင်း စုစုပေါင်း ငါးသားပေါက် ကောင်ရေတစ်သိန်း ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
သဘာဝရေပြင်(ဧရာဝတီမြစ်)အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ဇော်ဟိန်း၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းမင်းစိုး၊ မြန်အောင်ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နေခြည်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းလှိုင်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ တက်ရောက်၍ ဧရာဝတီမြစ်အတွင်း ငါးမျိုးများ စိုက်ထည့်ခဲ့ကြသည်။
ဝင်းဗိုလ်(ပြန်/ဆက်)