ကြံခင်းမြို့၌ ထားဝယ်ကြီးကျောင်းတိုက်တွင် ဓမ္မစကူးလ်ကော်မတီဝင်များနှင့် မိဘဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်းဝေးပြုလုပ်

ကြံခင်း ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ မြို့မရပ်ကွက်ရှိ ထားဝယ်ကြီးကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြားလျက်ရှိသော ဓမ္မစကူးလ်သင်တန်းကော်မတီအဖွဲ့နှင့် မိဘဆရာအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ပါရမီဓမ္မစကူးလ်ကျောင်း ဦးစီးပဓာန ဆရာတော် ဦးပညာသာမိက ဩဝါစကားမြွတ်ကြားရာတွင် ၂၀၁၅ ခုနှစ် မှစတင်၍ ယဥ်ကျေးလိမ္မာသင်တန်းကိုဖွင့်လှစ်ခဲ့ပြီး ဓမ္မစကူးလ်ဟုပြောင်းလဲကာ ယခုဆို ၁၀ နှစ်အထိရှိကြောင်း၊ ပညာပြည့်ဝနှလုံးလှဖို့ ဓမ္မအမွေဖြန့်ဝေစို့ ဓမ္မစကူးလ်ဆောင်ပုဒ်နှင့်အညီ ပညာပြည့်ဝနှလုံးလှ၍ ဓမ္မအမွေများ ပြန့်ပွားစေရန်နှင့်  မိဘ၊ ဆရာများ၏ ဂုဏ်ကျေးဇူးကို နားလည် သိတတ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ကြောင်း၊ မိဘများက အပတ်စဥ် သားသမီးများကို မပျက်မကွက် ပို့ဆောင်ပေးစေလိုပါကြောင်း ပြောကြားသည်။ ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်သိမ်းကျော်က အမှားစကားပြောကြားပြီး ပါရမီဓမ္မာစကူးလ် ကော်မတီဥက္ကဋ္ဌ ဦးအေးငြိမ်းက သင်တန်းကာလအတွင်း ကျောင်းသား၊ ကျောင်းသူများအား အဟာရ ဒါနကျွေးမွေးနိုင်ရေးနှင့် သင်တန်းရေရှည်တည်တံ့နိုင်စေရန် လိုအပ်သော အကူအညီများကို မိဘများ က ကူညီပံ့ပိုးပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဓမ္မစကူးလ်သင်ကြားရေးဆရာမကြီး ဒေါ်စန်းစန်းဌေး(ပညာရေးဌာန-ငြိမ်း)က သင်ကြားရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများ၏ မိဘများကိုယ်စား မိဘတစ်ဦးနှင့် မြို့မအုပ်ချုပ်ရေးမှူး ဦးထွန်းလင်းတို့က ကျေးဇူးတင်စကားနှင့် ဓမ္မစကူးလ်သင်တန်းအတွက် လိုအပ်သောအကူအညီများကို ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းပြောကြားသည်။ ယင်းနောက်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်သိမ်းကျော်က ဓမ္မစကူးလ်အတွက် အလှူငွေပေးအပ်ပြီး ဇွန်လ ၂၉ ရက်နေ့အတွက် အဟာရဒါနမုန့် အလှူရှင်အား ပါရမီဓမ္မာစကူးလ်ကော်မတီဥက္ကဋ္ဌက ဂုဏ်ပြုလက်မှတ်ပြန်လည်ပေးအပ်ခဲ့ပြီးနောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။

ဖြိုးဝေလင်း