မြန်အောင် ဇွန် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မြန်အောင်တာမိုင်(၆/၃) အမှတ်(၂)ရေကင်းစခန်း(မကျီးစု)တွင် ယနေ့နံနက်က ရေဘေးကာကွယ်ရေးတာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အစီအစဥ်များအား ရှင်းလင်းခြင်းနှင့် ရေဘေးကာကွယ်ရေးသရုပ်ပြပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာအခမ်းအနားတွင် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ဟင်္သာတခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်က ရေဘေးကာကွယ်ရေးတာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအစီအစဥ်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ရေဘေးကာကွယ်ရေးတာတမံများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု အစီအစဥ်အရ လွှင့်ထူရမည့်သတိပေးချက်ပြအလံများအား မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ကျော်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်၊ မြန်အောင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမင်းမင်းစိုးတို့က မြန်အောင် မြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့အား ပေးအပ်ခဲ့ကြသည်။
ထို့နောက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဝန်ထမ်းများက မိုးရာသီဧရာဝတီမြစ်ရေတက်ချိန်တွင် သတိပြုရမည့် တာထိပ်ပေါ်ကျော်ခြင်း၊ ရေပေါက်(ထူးပေါက်)၊ တာအိ၊ သဲဗွက်ထ၊ တာကျွံခြင်းများ ဖြစ်ပေါ်လာပါက ကာကွယ်ရန်နည်းလမ်းများဖြစ်သော မြေသား သို့မဟုတ် သဲအိတ်ကန်သင်းဆင့်ခြင်း၊ မြေကတုတ်(ရေခွေ)တို့ဖြင့် အရေးပေါ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား လက်တွေ့သရုပ်ပြဆောင်ရွက်ကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ဝင်းဗိုလ်