ထားဝယ် ဇွန် ၃၀
တနင်္သာရီတိုင်းဒေသကြီး တိုးတက်ခိုင်မာအားကောင်းသည့်လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင်တိုင်းဒေသကြီး တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်း ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဦးသက်နိုင်က သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကြံ့ကြံ့ခံပြီးရင်ဆိုင်ကျော်လွှားနိုင်ရေးတွင် အစိုးရတစ်ခုတည်း၏အင်အားဖြင့် မဟုတ်ဘဲ ပိုမိုကောင်းမွန်သောပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် ပြည်သူ တိုင်းစုစည်းညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရှိသော လူမှုအသိုက်အဝန်း ဖြစ်ပေါ်လာစေရေးအတွက် အပြန်အလှန် လေးစားယုံကြည်မှု၊ ရပ်ရွာစွမ်းဆောင်ရည်ကို မြှင့်တင်ထားနိုင်မှု၊ တန်းတူညီမျှစွာ အခွင့်အရေးရရှိစေမှုတို့သည် အရေးပါသောအချက်များပင်ဖြစ်ကြောင်း၊သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့်တုံ့ပြန်ရင်ဆိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၏ လိုအပ်ချက်ပမာဏတွင် ကြီးမားသောကြောင့် ကဏ္ဍပေါင်းစုံ၌ အစိုးရနှင့်ဒေသအာဏာပိုင် အဖွဲ့အစည်းများသာမက ပြည်တွင်း/ ပြည်ပမှ စေတနာရှင်များ၊ ပရဟိတအဖွဲ့အစည်းများနှင့် ပြည်သူမျာ၏ စိတ်အားထက်သန်စွာ ပူးပေါင်း ဆောင်ရွက်မှုများ လိုအပ်ကြောင်း၊ ထို့ကြောင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းကော်မတီကိုဖွဲ့စည်းပြီး စီမံချက်ကာလ (၆)လဖြင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေးလုပ်ငန်းသည် တစ်မျိုးသားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ရင်ဆိုင်တုံ့ပြန်ကာကွယ်ရေးလုပ်ငန်းတွင်လည်း အားလုံးဝိုင်းဝန်း ပူးပေါင်းပြီး ကြိုတင်ကာကွယ်ကြရမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်များကို စနစ်တကျ ထိရောက်လျှင်မြန်စွာ ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းလူမှုအဖွဲ့အစည်းများက စိတ်အားထက်သန်စွာဖြင့်ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းများ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် စီမံချက်များ၊ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)