ကျိုက်လတ်မြို့နယ်၌ ဖျာပုံခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်း ဆေးကုသမှု ပြုလုပ်

ကျိုက်လတ် ဇွန် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် တိုင်းဒေသကြီး ကုသရေး၊ ကျန်းမာရေးဦးစီးဌာနနှင့် ခရိုင်ကုသရေးဦးစီးဌာနတို့ ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖျာပုံခရိုင် ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ (အခမဲ့) ကွင်းဆင်းဆေးကုသမှု ကို ဇွန်လ (၂၉) ရက် နံနက်ပိုင်းက ထရော်တိုက်နယ် ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ ဆေးကုသမှုခံယူရန်အတွက် အထူးကုဆရာဝန်များနှင့် ဝန်ထမ်းများက သွေး‌ပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆီးချိုရောဂါ အခြေအနေများ တိုင်းတာစစ်ဆေးပေး၍ အထူကုဆရာဝန် (မျက်စိ)၊ အထူးကုဆရာဝန် (သားဖွား၊မီးယပ်)၊ အထူးကုဆရာဝန် (ခွဲစိတ်)၊ အထူးကုဆရာဝန်(အရိုး)၊ အထူးကုဆရာဝန် (သွားနှင့်ခံတွင်း)၊ အထူးကုဆရာဝန် (ဆေးပညာ)၊ အထူးကုဆရာဝန်(ဓာတ်မှန်)၊ အထူးကုဆရာဝန် (နနလဥလ)၊ လက်ထောက်ဆရာဝန် (ကလေး) တို့က လူနာများကို အသေးစိတ်ကုသမှုများ ပြုလုပ်ခဲ့ကြပြီး ရောဂါရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆေးကုသနေမှုများကို ဧရာဝတီတိုင်းဒေသကြီး ကုသရေး၊ ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိန်းသန်းထွန်း၊ ဖျာပုံခရိုင်ကုသရေးဦးစီးမှူး ဒေါက်တာရဲဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇော်မောင်၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်စာရေးများမှ ထရော်ဝကျေးရွာရှိ တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူရန်လိုအပ်သောလူဦးရေ (၆၄၀) ဦးအား သွားရောက်ကုသ‌ပေးခဲ့ပြီး တိုက်နယ်ဆေးရုံဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးပြောကြား၍ လိုအပ်သည်များအား လမ်းညွှန်မှာကြား ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ် (ပြန်/ဆက်)