မင်းဘူး(စကု)မြို့နယ်၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

မင်းဘူး ဇွန် ၃၀

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် ‌ရေပုတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

ဦးစွာ အခမ်းအနားကို‌ ရေပုတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူများက “အလှဆုံးပန်းများပွင့်ကြပြီ” ‌တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်သည်။

ဆက်လက်ပြီး အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်က အမှာစကားပြောကြားရာ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ စာအုပ်စာပေကို လေ့လာဖတ်ရှုနိုင်စေရန်နှင့် စာပေလေ့လာဖတ်ရှုခြင်းမှရရှိသော အသိပညာဗဟုသုတများကို ပြန်လည်အသုံးချမျှဝေနိုင်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးပြီး ယခုလိုပွဲတော်များကို ကျင်းပဆင်နွှဲရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်မှ တန်ဖိုးထားရသော အနာဂတ်လူငယ်များအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားစေရန် စာအုပ်၊ စာပေကောင်းများကို လေ့လာ၊ ဖတ်ရှု၊ မှတ်သားကြရမှာဖြစ်သည့်အတွက် စာအုပ်၊ စာပေကောင်းများကို အမြဲလေ့လာဖတ်ရှုနိုင်ရန် ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း၊ စာအုပ်၊ စာပေဆိုသည်မှာ မည်မျှပင် ကာလကြာရှည်က ထုတ်ဝေခဲ့သည်ဖြစ်စေ မဖတ်ရ၊ မလေ့လာရသေးပါက အသစ်ပဲဖြစ်ပါကြောင်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့်ပတ်သက်ပြီး နိုင်ငံတော်အကြီးအကဲက “စာမတတ်သူသည် ထိုင်နေသည့် လူနှင့်တူပြီး၊  စာတတ်ပြီး စာမဖတ်သူသည်  ရပ်နေသည့်လူနှင့်တူကြောင်း၊ စာတတ်ပြီး  စာလည်းဖတ်သူမှာ လမ်းလျှောက်နေသူနှင့်တူကြောင်း” ကိုလည်း လူငယ်များအား တိုက်တွန်းမှာကြားခဲ့ပါကြောင်း၊ ဒါ့ကြောင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ယခုလို ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေးပွဲတော်ကို ၂၀၂၄ ခုနှစ်မှ စတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စဉ်ဆက်မပြတ်ကျင်းပခဲ့ခြင်းကြောင်း စသည်ဖြင့် ပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ထည့်သွင်းကျင်းပသော အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် အဆိုပါပွဲတော်၌ အထူးအစီအစဉ်တစ်ရပ်အဖြစ် ထည့်သွင်းကျင်းခဲ့ပသော အမြဲမပြတ်လေ့လာ သင်ယူရေးစကားဝိုင်း (Never Stop Learning Talk Show)တွင် စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင် ရေးသားသော မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးကို ဖော်ကျူးသည့် “သူ့ကျွန်မခံပြီ” စာအုပ်အား ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများ ပေးအပ်ခြင်းခဲ့ပြီးနောက် အဆိုပါကျောင်းမှ ဖျော်ဖြေရေးအဖွဲ့ ကျောင်းသား၊ ကျောင်းသူလေးများ၏ ဧည့်ခံဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးသည်။

ထို့နောက် တာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ထည့်သွင်းကျင်းပသော ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် စကားပုံဆက်၊ အရုပ်ဆက်၊ ခါးကွင်းလှည့်၊ အရုပ်ကွင်းစွပ်၊ ဆန်ကောရွက်စသည့် ကစားနည်း ပြိုင်ပွဲမျိုးစုံကျင်းပနေမှု၊ အေးချမ်းပျော်ရွှင်စွာ ယှဉ်ပြိုင်နေမှုများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်း၊ လူငယ်ရေးရာအသိပညာပေး လှုပ်ရှားဆောင်ရွက်မှုပြခန်း၊ စာအုပ်ပြခန်းများနှင့် သုတကမ္ဘာကျောင်းစာကြည့်တိုက်တို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။

အဆိုပါပွဲတော်တွင် အခြေခံပညာအဆင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများ၊ အမြဲမပြတ်လေ့လာ သင်ယူရေးစကားဝိုင်းများအပြင် ဓါတ်ပုံပြခန်း၊ အသိပညာပေးပြခန်းများဖြင့် ဇွန်လ ၂၉ ရက်မှ ၃၀ ရက်နေ့အထိ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက အေးချမ်းပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲခဲ့ကြောင်း၊ အလားတူ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူးပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင်(၃၂)ကြိမ်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယနေ့အထိ မင်းဘူးခရိုင်၌ နှစ်ကြိမ်၊ မကွေးခရိုင်၌တစ်ကြိမ် စုစုပေါင်းသုံးကြိမ်အထိ စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)