မြို့သစ် ဇွန် ၃၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများခေတ်မီနည်းပညာများ လက်လှမ်းမီစေရန်နှင့် စိုက်ပျိုးထုတ်လုပ်မှုအထောက်အကူဖြစ်စေသည့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကို ယမန်နေ့က မြို့သစ်မြို့နယ် စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းတွင် မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးငွေဆန်းက အမှာစကားပြောကြားပြီး မကွေးခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မာအေးက သဘာဝဘေးအရ စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ဘက်စုံပိုးမွှားရောဂါကာကွယ်ရေးနည်းများ၊ ဆီထွက်သီးနှံဖြစ်သော(နှမ်းသီးနှံ)တွင် နှမ်းဖိုနှံရောဂါ၊ နှမ်းရိုးမဲရောဂါ အစရှိသော ပိုးမွှားရောဂါများ ကာကွယ်နှိမ်နင်းရေးနည်းလမ်းများ၊ အဓိကသီနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များတွင် ပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝမြေဆွေးများ ပြုလုပ်သုံးစွဲရေး၊ သစ်စိမ်းမြေဩဇာများ ထည့်သွင်းစိုက်ပျိုးရေး၊ သီးနှံစိုက်ပျိုးရာတွင် သီးနှံများ၏ သက်တမ်းအလိုက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဓာတ်မြေဩဇာများ ထည့်သွင်းသုံးစွဲရာတွင် သီးနှံအထွက်တိုးစေရေး အချိန်ကိုက် အချိုးကျသုံးစွဲစိုက်ပျိုးရေး၊ မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး၊ သီးနှံစိုက်စွမ်းအားတိုးတက်ရရှိရေးအတွက် သီးထပ်တိုးတက်စိုက်ပျိုးရေး၊ ရေမြေအခြေခံကောင်းသော စိုက်ဧရိယာများတွင် တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိစေရေးအတွက် သီးနှံအထွက်နှုန်း ပိုမိုရရှိသော မျိုးကောင်းမျိုးသန့်များ ပြောင်းလဲစိုက်ပျိုးရေးစသည့် အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာသော ဒေသခံတောင်သူများက သိရှိလိုသည်များ ပြန်လည်မေးမြန်းရာ မေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)