ကသာ ဇွန် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီခွဲအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအောင်ဆန်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက “အာဇာနည်အဓိပ္ပာယ်နှင့် အာဇာနည်ကြီးများ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက “သဘာဝဘေးအန္တရာယ်ဆိုင်ရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း ဟောပြောပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့သည်။
ဆက်လက်ပြီးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်က “ကလေးသူငယ်ဥပဒေနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ” အကြောင်းအရာများကိုလည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းကိုဦးက “အမှိုက်အမျိုးအစားများ ခွဲခြားစွန့်ပစ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသီးသီးဟောပြောခဲ့ကြပြီး အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းနှင့် လက်တွေ့သရုပ် ပြသခြင်းကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက်ကသာမြို့နယ်တွင် လူငယ်လူရွယ်များအနေဖြင့် အသိပညာပေးဟောပြောပွဲများမှရရှိသည့် အသိပညာဗဟုသုတများကို မိမိပတ်ဝန်းကျင်အတွက် ကောင်းကျိုးရှိစွာ ကြံဆအသုံးပြုတတ်စေရန်လိုအပ်ပါကြောင်း၊ ယခုလိုအသိပညာပေး ဟောပြောပွဲများကိုလည်း ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ကျော်စွာထွန်း