သရက် ဇွန် ၃၀
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ရွှေနီအောင်သိန်းဖောင်ဒေးရှင်း၏ (၂၂) ကြိမ်မြောက် မူလတန်းပညာရေး ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲနှင့် အခြေခံပညာမူလတန်း (Grade-5) ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ခရိုင်ပညာရေးမှူးဦးအောင်ဇော်က ရွှေနီအောင်သန်းဖောင်ဒေးရှင်း သရက်မြို့နယ် မူလတန်းပညာသင်စရိတ်ထောက်ပံ့ရေး အစီအစဉ်များ၏ အဓိကရည်ရွယ်ချက်များကို ပြောကြားပေးခဲ့သည်။
ထို့နောက် ရွှေနီအောင်သိန်းဖောင်ဒေးရှင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစန်းအောင်က ရွှေနီအောင်သိန်းဖောင်ဒေးရှင်း သရက်မြို့နယ်၊ မူလတန်းပညာသင်စရိတ်ထောက်ပံ့ရေးအစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ သရက်မြို့နယ် မူလတန်းကျောင်းဝင်နှုန်း မြင့်မားလာစေရန်၊ ကျောင်းသားတိုင်း ကျောင်းနေမြဲပြီး (KG+5) ပညာပြီးဆုံးသည်အထိ သင်ယူခွင့်ရရှိစေရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် ကျောင်းသား/ကျောင်းသူများအဖြစ် လေ့ကျင့်ပြုစုပျိုးထောင်ရာတွင် ပံ့ပိုး ကူညီရန် ၊ သရက်မြို့နယ်၏ ပညာရေးပုံရိပ် ပိုမိုတင့်တယ်လာစေရန်နှင့် ပညာရေးဌာန၏ လုပ်ငန်းများကို တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေရန် တို့ ပြောကြားပေးခဲ့ပြီး ဘာသာရပ်ထူးချွန်ပြိုင်ပွဲ ဆုရကျောင်းသား/ကျောင်းသူများအား ဆုများ ချီးမြှင့်ပေးခဲ့သည်။ ယင်းနောက် မူလတန်းကျောင်း (၉၆) ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၅၈) ဦးအား ရွှေနီအောင်သိန်းဖောင်ဒေးရှင်းက ချီးမြှင့်သော ဗလာစာအုပ် (၁ဒါဇင်ခွဲ) နှင့် ခဲတံ (၁ ဒါဇင်)၊ ပေတံ (၁) ချောင်း၊ ကွန်ပါဗူး (၁) ဗူးစီတို့အားတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ၊ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ရာ ကျောင်းသား/ ကျောင်းသူ (၂၅၈) ဦးတို့မှ လက်ခံပေးခဲကြောင်း သိရသည်။
ဇော်ထက်(သရက်)