ပွင့်ဖြူ ဇွန် ၃၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)နှင့် W7 ကုမ္ပဏီတို့ ပူးပေါင်းပြီး ဒေသတွင်းရှိ ငရုတ်စိုက်ပျိုးတောင်သူများအတွက် ခိုင်မာသောဈေးကွက်ရရှိရေးနှင့် အရည်အသွေးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၂၈ ရက်နေ့က ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာနှင့် သမော်အင်းကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် တောင်သူအကျိုးဆောင်အသင်း(FFA)ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အသင်းအဖွဲ့ဝင်များက W7 ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာသို့ သွားရောက်ပြီး ငရုတ်စိုက်ပျိုးတောင်သူများနှင့် တွေ့ဆုံကာ ငရုတ်သီးနှံ စိုက်ပျိုးရာတွင် အရည်အသွေးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ထုတ်လုပ်သူရော စားသုံးသူပါ အစားအစာ ဘေးကင်းလုံခြုံမှုကို ရရှိနိုင်မည့်အပြင် ခိုင်မာသော ငရုတ်ဈေးကွက်ကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ငရုတ်သီးနှံ စိုက်ပျိုးရေးနှင့် ပတ်သက်ပြီး တောင်သူများ အခက်အခဲ မဖြစ်စေရေးအတွက် စိုက်ပျိုးရေး အသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ W7 ကုမ္ပဏီမှ တာဝန်ရှိသူများက ပွင့်ဖြူမြို့နယ်အတွင်းရှိ ငရုတ်စိုက်ပျိုးတောင်သူများအတွက် အရည်အသွေးမြင့် သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရန်နှင့် ခိုင်မာသော ဈေးကွက်ရရှိရေးအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်ပေးမည့် လုပ်ငန်းအစီစဉ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက ငရုတ်စိုက်ပျိုးရာတွင် တွေ့ကြုံရသည့် လုပ်ငန်းအားသာချက်၊ အားနည်းချက်များ၊ ခိုင်မာသော ဈေးကွက်ရရှိရေးနှင့် အရည်အသွေးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် အခြေအနေများကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။
အလားတူ တွေ့ဆုံဆွေးနွေးပွဲကို ပွင့်ဖြူမြို့နယ် သမော်အင်းကျေးရွာ ရွာလယ်ဓမ္မာရုံ၌ ကျင်းပရာ မြို့နယ်တောင်သူ အကျိုးဆောင်အသင်း(FFA)ဥက္ကဋ္ဌ ဦးမြင့်အောင်နှင့် အသင်းအဖွဲ့ဝင်များ ၊ W7 ကုမ္ပဏီမှ တာဝန်ရှိသူများက ဒေသခံ တောင်သူများကို တွေ့ဆုံပြီး ငရုတ်စိုက်ပျိုးတောင်သူများအတွက် ခိုင်မာသော ဈေးကွက်ရရှိရေးနှင့် အရည်အသွေးမြင့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးမည့် အခြေအနေများနှင့် စိုက်ပျိုးရေးနည်းစနစ်များကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး တောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )