သံတောင်ကြီး ဇွန် ၃၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်း ဖာလာပင်၊ ကွမ်းသီး၊ လိုင်ချီးစသည့်နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင်အသက်မွေးဝမ်းမှုအဖြင့် အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ လက်ဖက်မွှေးစိုက်ပျိုးခြင်းလည်းတစ်ခု အပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် လက်ဖက် မွှေးစိုက်ပျိုးသူများပြားလာကြောင်း သိရသည်။
လက်ဖက်မွှေးပင်များစိုက်ပျိုးပြီး တစ်နှစ်ခန့်တွင်အရွက်များခူးယူနိုင်ပြီး အရွက်များကို တစ်နှစ်လျှင်(၄)ကြိမ်မှ(၅)ကြိမ်အထိ ဆွတ်ခူးနိုင်သည်။ ခူးယူပြီး လက်ဖက်မွှေးအရွက်များကို ရေနှင့်သေချာစွာ သန့်စင်ဆေးကြောပြီး နေပူလှမ်းကာ မီးဖြင့် မပူမအေးစနစ်တကျ သေချာစွာ အခြောက်ခံရသည်။
ထို့နောက် လက်ဖက်မွှေးအရွက်ခြောက်များကိုစတနစ်တကျထုပ်ပိုး ကာသံတောင်ကြီးမြို့ပေါ်တွင် သာမကတောင်ငူမြို့ရှိ ကုန်စုံဆိုင်များတွင် တင်သွင်းရောင်းချရသည့်အတွက် မိသားစုအပိုဝင်ငွေရရှိကြောင်း လက်ဖက်မွှေး စိုက်ပျိုးထုတ်လုပ်ရောင်းချသူ ဦးစောဖရိုက်ထံက သိရသည်။
အဆိုပါ လက်ဖက်မွှေးခြောက်များကို လက်ဖက်ခြောက်နှင့် ရောနှောထည့်ကာ ရေနွေးကြမ်းအဖြင့် သုံးဆောင်နိုင်ပြီး အနံ့မွှေးကာ ဆေးဖက်ဝင်ကြောင်း သိရသည်။
နော်နော်မူ