လိပ်သို ဇွန် ၃၀
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် နေထိုင်ကြသော ဒေသခံပြည်သူအချို့မှာ မိုးရာသီကာလတွင် မိမိတို့၏နေအိမ်ခြံဝင်းများအတွင်း၌ လက်ဖက်ပျိုးပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိနေကြောင်း သိရသည်။
လိပ်သိုမြို့ပေါ်ရှိ အိမ်ခြံဝင်းကျယ်ရှိသော မိသားစုများမှာ ဒေသမျိုးလက်ဖက်ပင်များကို အိမ်ခြံစည်းရိုးများနှင့် မြေလွတ်နေရာများတွင် စိုက်ပျိုးထားကြပြီး စိုက်ပျိုးပြီး ငါးနှစ်ခန့် အကြာတွင် လက်ဖက်ညွန့်များ စတင်ဆွတ်ခူးနိုင်ကာ လက်ဖက်ခြောက်၊ လက်ဖက်စိုများအဖြစ် ပြုလုပ်စားသုံးရောင်းချနိုင်ကြောင်း သိရသည်။
ယခင်ကာလများက အဆိုပါ လက်ဖက်စို၊ လက်ဖက်ခြောက်များကို ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နှင့် အခြားမြို့များမှ မှာယူစားသုံးနေရသောကြောင့် ယခုကာလတွင် မိသားစု ထွက်ငွေကို တစ်ဖက်တစ်လမ်းမှ ခြွေတာနိုင်ရန်နှင့် အပိုဝင်ငွေ ရရှိရန်အတွက် လက်ဖက်ပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာလျက်ရှိကြကြောင်း သိရသည်။
ခင်လေးနွယ်