ကော့သောင်း ဇွန် ၃၀
သစ်ပင်သစ်တောများသည် လူသားများအပါအဝင် သက်ရှိအားလုံး ရှင်သန်ရပ်တည်နေထိုင်နိုင်ရန် အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် သစ်ပင်သစ်တောများ မပြုန်းတီးရေးနှင့် တိုးပွားရှည်သန်စေရန် နိုင်ငံတစ်ဝန်းတွင် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများကို နှစ်စဉ် ကျင်းပဆောင်ရွက်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် (၂၀၂၅)ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ကော့သောင်းမြို့ ၅၅၅ တောင်ကုန်းတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးမှတာဝန်ရှိသူများ၊ စစ်ဗျူဟာအဖွဲ့(အခြေချ)ကော့သောင်းမှ စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်မှဌာနဆိုင်ရာများ၊ သစ်တောဦးစီးဌာနနှင့် NGO အဖွဲ့များ တက်ရောက်ပြီး မိုးရာသီသစ်ပင်များ တစ်ပျော်တစ်ပါး စိုက်ပျိုးကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် အစိုးရအဖွဲ့ဝန်ကြီးများက တာဝန်ရှိသူများအား ပျိုးပင်များပေးအပ်ကြပြီးသတ်မှတ်ထားသည့်နေရာများတွင် သစ်ပင်များအား တက်ရောက်လာကြသူများနှင့်အတူ တစ်ပျော်တစ်ပါး စုပေါင်း စိုက်ပျိုးကြသည်။ ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲတော်တွင် တစ်ပျော်တစ်ပါးစိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုအားပေးကြ သည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သည် တနင်္သာရီတိုင်းဒေသကြီးအတွင်း ပဉ္စမအကြိမ်နှင့် ကော့သောင်းခရိုင်၊ ကော့သောင်းမြိုတွင် ဒုတိယအကြိမ်အဖြစ် စိုက်ပျိုးခြင်းဖြစ်ပြီး ယနေ့ စိုက်ပျိုးပွဲတွင် သင်္ကန်း၊ မဟော်ဂနီ၊ ပျဉ်းကတိုး၊ မန်ဂျန်ရှားစသည့် သစ်မျိုး ပျိုးပင်ပေါင်း (၄၀၀)ပင် စိုက်ပျိုးကြကြောင်းနှင့် ပြည်သူလူထုများအနေဖြင့် သစ်ပင်များစိုက်ပျိုးလိုပါက မြို့နယ်သစ်တောဦးစီးဌာနတွင် ပျိုးပင်များ အခမဲ့လာရောက်ထုတ်ယူစိုက်ပျိုးနိုင်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)