ဘားအံ ဇွန် ၂၉
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာ့အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုယ်ကာယကြံ့ခိုင်မှု ကာယအလှမယ်ပြိုင်ပွဲ အခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရဿည်။
အဆိုပါအခမ်းအနားကို တေးသံရှင်များမှ အမျိုးသမီးရေးရာ ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆို ဖွင့်လှစ်ပြီး ဘားအံမြို့ရှိ တက္ကသိုလ်ကျောင်းများနှင့်ရပ်ကွက်များမှ ကာယအလှမယ်(၂၃)တို့အား ပဏာမရွေးချယ်ယှဉ်ပြိုင်စေကြောင်းသိရသည်။ ယင်းနောက်ဘားအံမြို့ရှိ လှပျိုဖြူများမှ ကာယအလှမယ် သရုပ်ပြ တင်ဆက်ခြင်း ဝတ်စားဆင်ယင်မှုသရုပ်ပြတင်ဆက်ခြင်းနှင့် Miss Earth Myanmar 2016၊ Miss Grand မြဝတီ 2024 နန်းခိုင်ရွှေဝါဝင်းမှ သရုပ်ပြတင်ဆက်ပြသကြပြီး ကရင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့မှတာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်သည်။
ထို့နောက်ကာယအလှမယ် ပဏာမရွေးချယ်ခံရသည့် အလှမယ်(၁၀)ဦးတို့အား နောက်ဆုံးဗိုလ်လုပွဲကို ဆက်လက်ယှဉ်ပြိုင်စေခဲ့သည်။ ဆက်လက်၍ အဆိုပါကာယအလှမယ်ပြိုင်ပွဲတွင် ပါ၀င် ကူညီအားဖြည့်ပေးသည့် အမှတ်ပေးအကဲဖြတ်ဒိုင်အဖွဲ့များအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခြင်း အလှူရှင်များမှ လှူဒါန်းသည့်အလှူငွေများအား ကရင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့က လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည် ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်ကိုယ်ကာယကြံ့ခိုင်မှု ကာယအလှမယ်ပြိုင်ပွဲအား ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကာယအလှမယ်များအား ဆုများပေးအပ်ချီးမြှင့်ရာ ကာယအလှမယ် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် ကာယအလှမယ်များအား ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယက ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်းဘေဘီမြင့်က ဆုများပေးအပ်ချီးမြှင့်ပြီး နှစ်သိမ့်ဆုရရှိသည့်အလှမယ်များအား ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၏ဇနီး ဒေါ်ကြူကြူသင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီး ဒေါ်ခင်မျိုးသက်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၏ဇနီး ဒေါ်တင်သီတာ၊ သယံဇာတရေးရာဝန်ကြီး၏ ဇနီး ဒေါ်မာယဉ်အေး၊ စီးပွားရေးရာဝန်ကြီး၏ဇနီး ဒေါ်မြင့်မြင့်အေး၊ ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး တိုင်းရင်းသားရေးရာဝန်ကြီး၏ဇနီး ဒေါ်ပွင့်ဦးဟန်၊ ကရင်ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ကရင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၏ဇနီး ဒေါ်သီတာအောင်တို့က ဆုများအသီးသီးပေးအပ်ချီးမြင့်ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)