ကဝမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ကဝ ဇွန် ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီကာလတွင် ရှမ်းကန်၊ သပြုလမ်းမကြီးဘေး၌ Integrated Coastal Management Programme (ICM) ပင်လယ် ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်ခြင်းအစီအစဉ်သစ်တောသစ်ပင်များ စိမ်းလန်း စိုပြေစေရေး သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် ကဝမြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၂၇ ရက်နေ့နံနက် ၈ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကဝမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ရဲထွန်းနှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွန်းတို့က သစ်ပင် စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများထံ ပျိုးပင်များပေးအပ်ပြီး စုပေါင်းသစ်ပင်စိုက်ပျိုးကြသည်။ ကဝမြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေ၍ ဒေသအပူချိန်လျှော့ချ နိုင်စေရန်နှင့် ဂေဟစနစ်ပြုပြင်ထိန်းသိမ်းဆောင်ရွက်နိုင်စေရန်အတွက် အမြင့် ၂ ပေနှင့် အထက်ရှိသော ကံ့ကော်ပင်၊ ခရေပင်၊ စိန်ပန်းနီပင်၊ စိန်ပန်းဝါ၊ စိန်ပန်းပြာ၊ ပျဉ်းမပင်၊ မဟောဂနီပင်၊ ငု‌ရွှေဝါပင်၊ မယ်ဇယ်ပင်နှင့် အာဆီယံသပြေပင် စုစုပေါင်းပျိုးပင် (၆၂၀)ပင်ကို စိုက်ပျိုးခဲ့ကြသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် သစ်တောဦးစီးဌာမှ ဝန်ထမ်းများ စုစုပေါင်း တက်ရောက်အင်အား (၁၇၃)ဦးခန့်က သစ်ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။‌

ရဲဇော်ဟိန်း