မင်းဘူး ဇွန် ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့် မေလအတွင်းက မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုများအပေါ် ဒေသခံတောင်သူများ၏ စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် အစားထိုးသီးနှံများ အချိန်မီစိုက်ပျိုး၍ သီးထပ်သီးနှံများ စိုက်ပျိုးနိုင်စေရန် တောင်သူပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ် (၂) နာရီက ရေပုတ်ကျေးရွာ ဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တောင်သူအသိညာပေး ဆွေးနွေးပွဲတွင် မကွေးတိုင်းဒေသကြီး သီးနှံကာကွယ်ရေး တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်သက်မြင့်က သဘာဝဘေးအရ စိုက်ပျိုးသီးနှံများ ထိခိုက်ပျက်စီးမှူး မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်ရေးနည်းများ၊ ဆီထွက်သီးနှံဖြစ်သော (နှမ်းသီးနှံ)တွင် နှမ်းဖိုနှံရောဂါ၊ နှမ်းရိုးမဲရောဂါ အစရှိသော ပိုးမွှားရောဂါများ ကာကွယ်နှိမ်နင်းရေး နည်းလမ်းများ၊ အဓိကသီနှံများတွင် ပန်းတိုင် အထွက်နှုန်းရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များတွင် ပိုးမွှားရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ တိုင်းဒေသကြီး မြေအသုံးချရေးတာဝန်ခံ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်သီတာဝင်းက မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝမြေဆွေးများ ပြုလုပ် သုံးစွဲရေး၊ သစ်စိမ်းမြေဩဇာများ ထည့်သွင်းစိုက်ပျိုးရေး၊ သီးနှံစိုက်ပျိုးရာတွင် သီးနှံများ၏ သက်တမ်းအလိုက် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ဓာတ်မြေဩဇာများ ထည့်သွင်းသုံးစွဲ ရာတွင် သီးနှံအထွက်တိုးစေရေး အချိန်ကိုက် အချိုးကျ သုံးစွဲစိုက်ပျိုးရေး၊ မင်းဘူးခရိုင် မျိုးစေ့ တာဝန်ခံနှင့် မြေအသုံးချရေး တာဝန်ခံများက မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြေဆီလွှာဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက အဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ သီးနှံစိုက်စွမ်းအား တိုးတက်ရရှိရေးအတွက် သီးထပ်တိုးတက်စိုက်ပျိုးရေး၊ ရေမြေ အခြေခံ ကောင်းသော စိုက်ဧရိယာများတွင် တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်ရေးနှင့် ဒေသခံတောင်သူများ ဝင်ငွေတိုးတက်ရရှိစေရေးအတွက် သီးနှံအထွက်နှုန်း ပိုမိုရရှိသော မျိုးကောင်းမျိုးသန့်များ ပြောင်းလဲ စိုက်ပျိုးရေး စသည့် အကြောင်းအရာများကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာသော ဒေသခံတောင်သူများ၏ သိရှိလိုသော မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီး စိုက်ပျိုးရေးဆိုင်ရာ တောင်သူ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေးပေးခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)