မုံရွာ ဇွန် ၂၈
၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်အဖြေလွှာများ စစ်ဆေးမည့် ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲအခမ်းအနားကို ဇွန်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ မုံရွာတက္ကသိုလ် ပါမောက္ခချုပ်၊ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဆရာ/ ဆရာမများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်အဖြေလွှာ စစ်ဆေးမည့် ဆရာ / ဆရာမများအား ကြိုဆိုဂုဏ်ပြုပွဲသည် နိုင်ငံတော်နှင့် မိမိတို့တိုင်းဒေသကြီးအတွက် နယ်ပယ်အသီးသီးတွင် လိုအပ်နေသည့် ပညာတတ်လူ့စွမ်းအား အရင်းအမြစ်များရရှိလာအောင် တိကျမှန်ကန်စွာ စစ်ဆေးအမှတ်ပေးမည့် တာဝန်ရှိသူများအား ဂုဏ်ပြုရတဲ့ပွဲဖြစ်သည့်အတွက် ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသည့်ပွဲဖြစ်ပါကြောင်း၊ စာမေးပွဲဖြေဆိုထားသည့် ကျောင်းသား/ကျောင်းသူများသည် ဘဝတစ်ဆစ်ချိုးနှင့် ဘဝ၏အလှည့်ပြောင်းဖြစ်မည်ကို ခံစားနားလည်သည့် အတွက် စာမေးပွဲပြန်လည်ဖြေဆိုရန် ရရှိသည့်အချိန်တိုအတွင်း အပြင်းအထန် ကြိုးစားအားထုတ်လေ့လာကျက်မှတ်ခဲ့ကြပါကြောင်းနှင့် အကောင်းဆုံးရလဒ်များ ရရှိမည်ကိုလည်း ယုံကြည့်မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင်အဖြေလွှာများ စစ်ဆေးမည့် ဆရာ/ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း-၅၀ ကျပ်အား ပေးအပ်ချီးမြှင့်ပြီး ဆရာ/ဆရာမများကိုလ်စား ဆရာမကြီးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ/ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဆိုပါခန်းမအတွင်း တက္ကသိုလ်ဝင်အဖြေလွှာများစစ်ဆေးမည့် ဆရာ/ဆရာမများအား နေ့လည်စာဖြင့် ဧည့်ခံကျေးမွေးနေမှုများအား လိုက်လံကြည့်ရှုကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)