ညောင်လေးပင် ဇွန် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် မြို့နယ်စာရေးဆရာအသင်းက ကြီးမှူးကျင်းပသော အထက်တန်းအဆင့်ကဗျာပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ (၁) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ မြန်မာနိုင်ငံစာရေးဆရာအသင်း (ဗဟိုအလုပ်အမှုဆောင်) မြို့နယ်စာရေးဆရာအသင်း (နာယက) ဆရာဒေါက်တာမြင့်သန်း (ညောင်လေးပင်)၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစိုးဝင်းတို့မှ အဖွင့်အမှာစကား အသီးသီးပြောကြားပြီး စာရေးဆရာ အသင်းအတွင်းရေးမှူးမှ ပြိုင်ပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ကဗျာပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား "သဲတစ်ပွင့်ပရဟိတ" လူငယ်များ၏ကူညီပံ့ပိုးမှုဖြင့် ပထမဆု (၃)သိန်း၊ ဒုတိယဆု (၂)သိန်း၊ တတိယဆု (၁)သိန်း၊ နှစ်သိမ့်ဆု (၆) ဆုအတွက် (၃)သိန်းနှင့် ညောင်လေးပင်မြို့နယ် ရွှေနန်းတော်ဝင် (ရွှေဆိုင်)ဦးစိုးဝင်းမှ ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ဒိုက်ဦးမြို့နယ် စာရေးဆရာအဖွဲ့ဝင်များမှ စာဖတ်သူအကြိုက် ကဗျာစာအုပ်များကို ဆုရကျောင်းသား၊ ကျောင်းသူများအား ပေးအပ်ခဲ့သည်။
ထို့နောက် ပြိုင်ပွဲတွင်ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိခဲ့သောကျောင်းသား၊ ကျောင်းသူများမှ ကဗျာရွတ်ဆိုခြင်းနှင့် ကျောင်းအုပ်ဆရာကြီး ဆရာဦးတင်မျိုးဇော်နှင့် မြို့မိ၊ မြို့ဖဦးစိုးဝင်းတို့မှ ဝမ်းမြောက်မုဒိတာစကားများပြောကြားခဲ့ပြီး စာရေးဆရာအ သင်းအဖွဲ့ဝင် ဆရာဦးလှမြင့်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ညောင်လေးပင်မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ၊ မြို့မိမြို့ဖများနှင့်တာဝန်ရှိသူများ စုစုပေါင်း လူဦးရေ (၇၂) ဦးခန့် တက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာများကို ကျောင်းသား၊ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)