ကဝ ဇွန် ၂၈
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့ ကုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ယနေ့နံနက်ပိုင်းက ကဝမြို့နယ်၊ အုန်းနှဲတိုက်နယ်ဆေးရုံသို့သွားရောက်၍ ကဝမြို့နယ်အတွင်းရှိ ရဟန်းရှင်၊ လူ ပြည်သူများအား ဆေးကုသမှုပြုလုပ်ပေးနေမှုကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများက ရဟန်းရှင်၊ လူ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ဆေးကုသမှုလာရောက်ခံယူနေကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ဆေးကုသမှုများ ပြုလုပ်ပေးရာတွင် ပဲခူးမြို့၊ ကုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်ဦးဆောင်သော ဖျားနာ၊ ခွဲစိတ်၊ သားဖွားမီးယပ်၊ ကလေး၊ မျက်စိ၊ နား၊ နှာခေါင်းလည်ချောင်း၊ အကြောအဆစ်၊ အရေပြား၊ သွားခံတွင်း၊ ဓါတ်မှန် စသည့် ဘာသာရပ်(၁၀) ခုမှ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ကုသရေးဦးစီးဌာန၏ မူဝါဒများ၊ ရည်မှန်းချက်များဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ လွှမ်းခြုံမှုတိုးတက်ရေး၊ ပြည်သူ့ဆေးရုံများ၏ ကုသမှုအရည်အသွေးမြင့်မားရေးနှင့်အညီ ဆေးရုံအခြေပြုကုသရေးလုပ်ငန်းများ တိုးချဲ့ကာ ကျေးလက်ဒေသအထိ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ပေးကြခြင်းဖြစ်ကာ ခွဲစိတ်ရောဂါလူနာ (၂၅)ဦး၊ ကလေးလူနာ (၂၃)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းလူနာ (၂၀)ဦး၊ မျက်စိလူနာ (၄၂)ဦး၊ အရိုးအကြောလူနာ (၄၈)ဦး၊ အရေပြားလူနာ (၅)ဦး၊ သွားလူနာ (၁၈)ဦး၊ သားဖွားမီးယပ်လူနာ (၃၇)ဦး၊ ဖျားနာလူနာ (၂၆၀)ဦးနှင့် Ultrasound လူနာ(၅၀)ဦး စုစုပေါင်းလူနာ (၅၂၈)ဦး လာရောက်ပြသကုသမှု ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ရဲဇော်ဟိန်း(ပြန်/ဆက်)