ပခုက္ကူမြို့နယ်တွင် ငှက်ပျောပင်စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများ အကျိုးအမြတ်ရရှိ

ပခုက္ကူ ဇွန် ၂၈

 မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ငှက်ပျောပင်များ အောင်မြင်ဖြစ်ထွန်း၍  စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများ အကျိုးအမြတ်ရရှိကြကြောင်း သိရသည်။

ပခုက္ကူမြို့နယ်အတွင်းရှိ ကုက္ကိုလ်လှ၊ ရွာသစ်ကုန်း၊ သင်္ဘောကုန်း၊ ကျွန်းဦး၊ ကျွန်းညိုကြီးကျေးရွာများ၌ ရခိုင်ငှက်ပျော၊ သီးမွှေးငှက်ပျောနှင့် ဖီးကြမ်းငှက်ပျောပင်များကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး တစ်ဧကလျှင် အပင်ရေ ၁၃၀၀ အထိ စိုက်ပျိုးကြကြောင်း၊ တစ်ချို့တောင်သူများမှာ မိမိတို့နေထိုင်ရာ အိမ်ခြေခံမြေဘေးပတ်လည်နှင့် နောက်ဖေးတို့တွင် တစ်ပိုင်တစ်နိုင်အဖြစ် ငှက်ပျောပင် ၂၀ မှ ၅၀ အကြား စိုက်ပျိုးကြကြောင်းသိရသည်။

ငှက်ပျောပင် တစ်ပင်နှင့် တစ်ပင်အကြား ငါးပေခြားစိုက်ပျိုးရပြီး တစ်ဧကစိုက်ပျိုးမည်ဆိုပါက အရင်းအနှီးငွေကျပ် ငွေကျပ် ၂၅ သိန်းခန့် ကုန်ကျလျက်ရှိကြောင်း၊ ငှက်ပျောပင်များ အသီး၊ အခိုင်များ ကြီးထွားရင့်မှည့်မှုလွယ်ကူစေရန် ဓာတ်မြေဩဇာအသုံးပြုပေးရကာ စိုက်ပျိုးပြီး ရှစ်လခန့်အကြာတွင် အသီးများစတင်ခုတ်ယူနိုင်ကြောင်း၊ ငှက်ပျောအမျိုးအစားနှင့် အကြီး၊ အသေးပေါ်မူတည်ပြီး ငှက်ပျောတစ်ဖီးလျှင် ငွေကျပ် ၁၅၀၀ မှ ၄၀၀၀ အထိ ဈေးနှုန်းရရှိကြောင်း၊ ငှက်ပျောပင်များမှာ အသီးအမှည့်စားသုံးနိုင်သည့်အပြင် မုန့်ဟင်းခါးချက်ပြုတ်ရာတွင်လည်း အသုံးပြုလေ့ရှိကြသောကြောင့် အောင်မြင်ဖြစ်ထွန်းသည့် ငှက်ပျောခင်း တစ်ဧကလျှင် ငွေကျပ် သိန်း ၇၀ မှ သိန်း ၈၀ အထိ အကျိုးအမြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာမြို့မဈေးကြီး၊ အမှတ်(၂)ဈေးနှင့် မြစ်ခြေ၊ ကမ္မမြို့များသို့ တင်ပို့ရောင်းချရကြောင်း ကျွန်းဦးကျေးရွာမှ ငှက်ပျောစိုက်တောင်သူတစ်ဦးက ပြောပြခဲ့ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)