မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကြံခင်းမြို့၌ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကျင်းပ

ကြံခင်း ဇွန် ၂၈

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၈နာရီက ကြံခင်းမြို့၊ မြို့မရပ်ကွက်၊ ကြံခင်း-ဆိပ်သာလမ်းဘေးရှိ မြို့လယ်အင်းရွာတွင် (တတိယအကြိမ်မြောက်) မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပခဲ့သည်။

ရှေးဦးစီးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဝင်းလှိုင်၊ မြို့နယ်မျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်စိုးစိုးတင့်၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးမျိုးမင်းထွန်းတို့က အခမ်းအနားသို့တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံ​ပြည်သူများကို ပျိုးပင် ၂၀၀ အား အသီးသီးပေးအပ်ကြပြီး တစ်ပျော်တစ်ပါး သတ်မှတ်နေရာများတွင် စုပေါင်းအင်အား ၁၅၀ ဖြင့်စိုက်ပျိုးကြသည်။ အဆိုပါသစ်ပင်စိုက်ပျိုးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ မြို့နယ်သစ်တောဦးစီးဌာနမှ ဧည့်သည်တော်များအား အဟာရမုန့်များဖြင့် ဧည့်ခံကျွေးမွေးကြသည်။

ထိုသို့ သစ်ပင်စိုက်ပျိုးခြင်းအားဖြင့် သစ်တောသယံဇာတများရေရှည်တည်တံ့စေရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်၊ အဖိုးတန်ဂေဟစနစ်များမပျောက်ပျက်အောင်စောင့်ရှောက်နိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင်အထောက်အကူပြုစေရန်ရည်ရွယ်၍ ကျွန်း ၄၀၊ မန်ဂျန်ရှား ၄၀ ၊ ယူကလစ် ၄၀၊ မဟော်ဂနီ ၄၀၊ ပိတောက် ၄၀ စုစုပေါင်း ၂၀၀ ပင် စိုက်ပျိုးခဲ့ကြကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)