ဘိုကလေးမြို့နယ်တွင် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စပါးမျိုးစေ့ချစိုက်ပျိူးခြင်း ကွင်းသရုပ်ပြပွဲနှင့် အောင်နိုင်တိုး စပါးမျိုးစေ့ပေးအပ်ပွဲ ကျင်းပ

ဘိုကလေး ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ၂၀၂၅-၂၀၂၆ခုနှစ် မိုးစပါးစိုက်ပျိုးရာသီ၌ မျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့် စပါးမျိုးစေ့ချစိုက်ပျိူးခြင်း ကွင်းသရုပ်ပြပွဲနှင့် အောင်နိုင်တိုး စပါးမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက သကံဝကျေးရွာအုပ်စု၊ ငွေတောင်ကျေးရွာရှိ တောင်သူဦးတင်စိုး၏ ကွင်းအမှတ်(၇၀၉)၊ ဦးပိုင် (၁၀)လယ်ယာမြေတွင် ကျင်းပဆောင်ရွက်သည်။

အဆိုပါ အခမ်းအနားသို့ ဖျာပုံခရိုင်၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦးနှင့် ကော်မတီဝင် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဘိုကလေးမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင် ဌာနဆိုင်ရာ အကြီးအကဲများ၊ သကံဝကျေးရွာအုပ်စု ပတ်ဝန်းကျင်မှ ဒေသခံတောင်သူများ တက်ရောက်ကြပြီး အခမ်းအနားတွင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦးက စပါးအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက် ပြည့်မှီရေးအတွက် လိုအပ်သည်များအား အမှာစကားပြောကြားသည်။

ဆက်လက်၍ ဖျာပုံခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးအောင်က မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးပြသရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ ဖျာပုံခရိုင်နှင့် ဘိုကလေးမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှု ကော်မတီဝင်များက တောင်သူများထံ အောင်နိုင်တိုး စပါးမျိုးစေ့များ ပေးအပ်ခြင်းတို့ ဆောင်ရွက်အပြီး၌ တောင်သူဦးတင်စိုး ၏ လယ်ယာမြေ၌ မျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် စပါးမျိုးစေ့ချစိုက်ပျိူး ကွင်းသရုပ်ပြခြင်း လုပ်ငန်းဆောင်ရွက်ရာ အခမ်းအနား တက်ရောက်လာကြသူများအားလုံး ကြည့်ရှုအားပေးခဲ့ကြသည်။

မိုးစက်(ဘိုကလေး)