မကွေး ဇွန် ၂၈
သစ်ပင်သစ်တောများသည် လူသားများအပါအဝင် သက်ရှိအားလုံး ရှင်သန်ရပ်တည်နေထိုင်နိုင်ရန် အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည့်အတွက် သစ်ပင်သစ်တောများမပြုန်းတီးစေရေးနှင့် သစ်တောသစ်ပင်များ တိုးပွားရှင်သန်စေရန်နှင့် ဇူလိုင်လ (၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀၂၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီး မိုးရာသီ(တတိယအကြိမ်) သစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က မကွေးတက္ကသိုလ်အရှေ့ဘက် အောင်စေတနာရပ်ကွက်တွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မကွေးတက္ကသိုလ်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး မိုးရာသီ(တတိယအကြိမ်) သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်က မိမိတို့မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်အလိုက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပလျက်ရှိပြီး ယခုနှစ် ဇွန်လတွင် ပျိုးပင်စုစုပေါင်း (၂၅) သိန်းကျော်ခန့် စိုက်ပျိုးခဲ့ပြီးဖြစ်ပါကြောင်း၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျိုးဆက်များဖြစ်သည့် ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများအား ကုစားရာမှာ ကုန်ကျစရိတ်အသက်သာဆုံးနှင့် အကောင်းဆုံးနည်းလမ်းသည် သစ်ပင်စိုက်ပျိုးခြင်းနှင့် သဘာဝသစ်တောများအား ပြုန်းတီးမှုမရှိအောင် ထိန်းသိမ်းကာကွယ်ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၅ ခုနှစ်ပဏမအစီရင်ခံစာအရ သစ်တောဖုံးလွှမ်းမှု ၄၂ ဒသမ ၁၅ ရာခိုင်နှုန်း ရှိသည်ကိုစစ်တမ်း ကောက်ယူရရှိခဲ့ပြီး နိုင်ငံရဲ့သစ်တောဖုံးလွှမ်းမှုတိုးပွားလာစေဖို့အတွက် နိုင်ငံဧရိယာရဲ့ ၅၀ ရာခိုင်နှုန်းကို ကြိုးဝိုင်း၊ကြိုးပြင်ကာကွယ်တောများ၊ သဘာ၀ထိန်းသိမ်းရေးနယ်မြေများအဖြစ် ဖွဲ့စည်းသွားဖို့ ရည်မှန်းဆောင်ရွက်လျှက်ရှိပါကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် ဂေဟစနစ်များ ပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များအား ကမ္ဘာ့အရွေ့နှင့်အတူ လိုက်ပါဆောင်ရွက်နိုင်ရန်အတွက် သစ်တောသစ်ပင်များ၊ ဂေဟစနစ်များ၏ အစစ်အမှန် တန်ဖိုးကိုနားလည်ပြီး တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း၊ အစုအဖွဲ့လိုက်၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့ပြဒေသအလိုက် သစ်ပင်များစိုက်ပျိုးပြီး ရှင်သန်အောင် ထိန်းသိမ်းလျက် ဂေဟစနစ်အား ပြန်လည်ဖြည့်တင်းနိုင်ရေး ဝိုင်းဝန်း ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုကြောင်း စသည်ဖြင့်ပြောကြားသည်။
ဆက်လက်၍ သစ်ပင်များ စိုက်ပျိုးနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် ဝန်ကြီးချုပ် ဦးတင့်လွင်မှ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်အားလည်းကောင်း၊ အနောက်ပုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ်သိန်းထွန်းဦးမှ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့၀င်တစ်ဦးအားလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းမှ ကြက်ခြေနီတပ်ဖွဲ့၀င်တစ်ဦးအားလည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေးမှ အောင်စေတနာ A ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့အား ပျိုးပင်များ အသီးသီးပေးအပ်ခဲ့ကြသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်တာ၀န်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲတော်တွင် တစ်ပျော်တစ်ပါး စိုက်ပျိုးနေမှုများအား လှည့်လည်ကြည့်ရှုကြသည်။အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ခရေ၊ တမာ၊ ပန်းမယ်ဇလီ၊ ဆီသပြေ၊ စိန်တံချူ၊ ကုလားကုက္ကို၊ မယ်ဇယ်၊ မယ်ဇလီ၊ ရေတမာ၊ ဖျောက်ဆိပ်အစရှိသည့် သစ်မျိုးစုံနှင့် ပန်းအလှပင် စုစုပေါင်း သစ်မျိုး (၁၀) မျိုးနှင့် ပျိုးပင်ပေါင်း(၁၂၀၀)ပင်အား စိုက်ပျိုးခဲ့ခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၅ခုနှစ် မိုးရာသီအကြို လူထုလှုပ်ရှားမှုအသွင်ဖြင့် ယခုနှစ်ဇွန်လတွင် စိုက်ပျိုးပင်ပေါင်း (၂၅) သိန်းကျော်အား စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း တိုင်းဒေသကြီးသစ်တောဦးစီးဌာန တာဝန်ရှိသူထံမှသိရှိရသည်။
မောင်ခိုင်မင်း(ပြန်ဆက်)